ရုပ်ရှင်ရုံဟောင်းနှစ်ခု အသစ်ပြန်ဆောက်မည်

0
719

တိုင်းအတွင်းရှိ ဟောင်းနွမ်းနေပြီ ဖြစ်သည့် ရုပ်ရှင်ရုံဟောင်းနှစ်ခုကို အသစ်ပြန်ဆောက်တော့မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးကျော်မင်းက ပြောကြားသည်။

ထားဝယ်မြို့ရှိ ရွှေဝယ်သီရိရုံနှင့် မြိတ်မြို့ရှိ ဂုဏ်ရုပ်ရှင်ရုံတို့ဖြစ်ပြီး လက်ရှိ အဆောက်အဦဟောင်းတို့ကို ဖြိုချကာ အသစ်ဆောက်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကွမ်းသမားနှင့် ကိုဗစ်

လက်ရှိတွင် ရွှေဝယ်သီရိရုပ်ရှင်ရုံအတွက် အသစ်တည်ဆောက်မည့် (plan) အစီအစဉ်ကို လာရောက်တင်ပြထားပြီး ဂုဏ်ရုပ်ရှင်ရုံ၏ အစီအစဉ်ကို လာမည့်ရက်ပိုင်းအတွင်း တင်ပြရန် ညွှန်ကြားထားကြောင်း ၎င်းက ပြောသည်။

ရွှေဝယ်သီရိရုံအား နှစ်ထပ်အဆောက်အအုံအဖြစ် တည်ဆောက်မည်ဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် ဖွင့်လှစ်ပြနိုင်သနိုင်မည်ဟု တင်ပြထားသည်ဟု ဆိုသည်။ ရုပ်ရှင်ရုံဟောင်းကို လာမည့် နှစ်ဆန်းပိုင်းတွင် စတင်ဖြိုဖျက်မည် ဖြစ်သည်။

ယခင်က ထားဝယ်မြို့တွင် ရုပ်ရှင်ရုံ နှစ်ရုံရှိပြီး ရွှေဝယ်သီရိရုပ်ရှင်ရုံကို ၁၉၉၉ ခုနှစ်ကတည်းက ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်က စီးပွားရေးလုပ်ငန်းရှင်များထံ စည်းကမ်းသတ်မှတ်ချက်များဖြင့် အပြီးပြတ်ရောင်းချခဲ့ခြင်း ဖြစ်သည်။

အသစ်ဆောက်လုပ်ခြင်းသည် ရောင်းချစဉ်က ပါရှိသည့် စည်းကမ်း သတ်မှတ်ချက်ဖြစ်ပြီး ရုပ်ရှင်ရုံကို ဝယ်ယူသူအနေနှင့် စည်းကမ်းသတ်မှတ်ချက် ဖောက်ဖျက်ပါက ပြန်လည်သိမ်းယူမည်ဆိုသည့်အချက်ကို နှစ်ဘက်သဘောတူ ထားသည်။

“သူတို့ကတော့ မဖြစ်မနေ အသစ် ပြန်လည် တည်ဆောက်သွားရမှာဖြစ် ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒါသည် ရုပ်ရှင်ရုံတွေရဲ့ ဥပဒေ၊ ချုပ်ဆိုထားတဲ့ စာချုပ်ပါ။ အချက်အလက်အတိုင်းသာ အတည်ပြုလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ဝန်ကြီးဦးကျော်မင်းက ပြောသည်။

ရွှေဝယ်သီရိရုပ်ရှင်ရုံတွင် ရုပ်ရှင် မပြသသည်မှာ နှစ်ပေါင်းများစွာကြာမြင့် နေပြီဖြစ်ပြီး လက်ရှိတွင် ဘီယာဆိုင်၊ ကော်ဖီဆိုင်များ ဖွင့်လှစ်ထားသည်။ ယခင်က ရုပ်ရှင်ရုံများကို ပြည်ထောင်စုမှ တိုက်ရိုက်ကြီးကြပ်သော်လည်း ၂၀၁၈ ခုနှစ်နှောင်းပိုင်းမှစတင်ကာ တိုင်းအစိုးရ၏ စီမံခန့်ခွဲမှုအောက်သို့ လွှဲပြောင်းပေး ခဲ့သည်။

ထားဝယ်မြို့ရှိ အောင်မင်္ဂလာရုပ်ရှင်ရုံကိုမူ တစ်လလျှင် ငွေကျပ် သုံးသိန်းနှုန်းဖြင့် လုပ်ငန်းရှင်တစ်ဦးသို့ ငှားရမ်းထားပြီး ယင်းနှုန်းထားမှာ နည်းပါးသဖြင့် တစ်လလျှင် ကျပ်ငါးသိန်းသတ်မှတ်ရန် ဆွေးနွေးဆုံးဖြတ်ထားကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။