တနင်္သာရီဂျာနယ်အမှု ပြင်ဆင်ချက် လျှောက်ထားမှု ပြည်ထောင်စုတရားလွှတ်တော်ချုပ် လက်မခံ

0
422

သရော်စာရေးသားဖော်ပြသည့်အတွက် အပြစ်ရှိသည်ဟု အမိန့်ချထားသည့် တနင်္သာရီဂျာနယ်၏အမှုကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ဇူလိုင်လ ၁၇ ရက်နေ့တွင် ပလပ်လိုက် သည်။

တရားလွှတ်တော်ချုပ်တွင် မူလ အမှုအပေါ် အကြောင်းပြချက် ၆ ချက်ဖြင့် လျှောက်လဲချက်ပေးခဲ့ပြီးနောက် ဂျာနယ်၏ပြင်ဆင်မှုကို ပလပ်ကြောင်း တရားလွှတ်တော်ချုပ်၏ အမှုတွဲထုတ်ပြန်ချက်တွင် တွေ့ရသည်ဟု ဂျာနယ်ဘက်မှ အမှုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်ဇာနည်စိုးက ဆိုသည်။

တနင်္သာရီဂျာနယ်တွင် ဖော်ပြခဲ့သည့် ကလောင်ရှင် မူးဆေးအိုး၏ မဲဆွယ်အပြုံးသရော်စာသည် တနင်္သာရီတိုင်း ဝန်ကြီးချုပ် (ဟောင်း)နှင့် တိုင်းအစိုးရအဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟုဆိုကာ ၂၀၁၇ နိုဝင်ဘာလက တရားစွဲဆိုခဲ့သည့် အမှုဖြစ်သည်။

ထားဝယ်မြို့နယ်တရားရုံးက တနင်္သာရီဂျာနယ်တွင် အပြစ်ရှိသည်ဟုဆိုကာ ဒဏ်ငွေ ကျပ် ၅ သိန်းပေးဆောင်ရန် ယမန်နှစ် ဖေဖော်ဝါရီလက အမိန့်ချမှတ်ထားသည်။

မြို့နယ်တရားရုံးကချမှတ်သည့် အမိန့်ကို ပြန်လည်ပြင်ဆင်ပေးရန် ခရိုင်တရားရုံးနှင့် တိုင်းတရားလွှတ်တော်ထံ ပြင်ဆင်မှုလျှောက်ထားခဲ့သော်လည်း အဆိုပါတရားရုံးများက ပလပ် အမိန့်ချမှတ်ခဲ့သည်။

ထို့ကြောင့် ပြည်ထောင်စုတရား လွှတ်တော်သို့ ပြင်ဆင်မှုလျှောက်ထား ခြင်းဖြစ်သည်။

မီဒီယာအခန်းကဏ္ဍ၏ လွတ်လပ်ခွင့်နှင့် နိုင်ငံသားအခွင့်အရေးအပေါ် အခြေပြုပြီး ပြင်ဆင်မှုတက်ခဲ့ခြင်းဖြစ်ကြောင်း ဦးအောင်ဇာနည်စိုးက ဆိုသည်။

“မီဒီယာရဲ့အခန်းကဏ္ဍက ထင်သလောက်မဖြစ်သေးဘူးဆိုတဲ့ ပုံစံမျိုးပေါ့နော်၊ အဲလိုမျိုးတော့ သုံးသပ်လို့ရ တယ်” ဟု ဦးအောင်ဇာနည်စိုးက ပြောသည်။

လက်ရှိတွင် ပြည်ထောင်စုတရား လွှတ်တော်ချုပ်၏ တစ်ပါးထိုင်(တရားသူကြီး ၁ ဦးထိုင်) တွင် ပလပ်အမိန့်ချခဲ့ ခြင်းဖြစ်သည့်အတွက် အထူးအယူခံ တက်မည့်အဆင့်ကျန်သေးကြောင်း ၎င်းက ရှင်းပြသည်။

အထူးအယူခံတက်/မတက်ကို အမှုသည်နှင့် တိုင်ပင်ကာ ဆက်လုပ်သွားမည်ဖြစ်ကြောင်း ဦးအောင်ဇာနည်စိုးက ဆိုသည်။

တနင်္သာရီဂျာနယ်၏ တာဝန်ခံအယ်ဒီတာ ဦးမျိုးအောင်အား တရားစွဲဆိုခဲ့သည့် မီဒီယာ ဥပဒေ ပုဒ်မ ၂၅ (ခ) သည် မီဒီယာဥပဒေ ပုဒ်မ ၉ (ဆ)ကို ရည်ညွှန်းထားသည်။

ယင်းပုဒ်မတွင် ဖော်ပြထားသည်မှာ အများပြည်သူ၏ အကျိုးစီးပွားနှင့် စပ်ဆိုင်သည့် သတင်းရေးသားခြင်းမျိုး မဟုတ်လျှင် ပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်း တစ်ခု၏ ဂုဏ်သိက္ခာကို တမင်ထိခိုက်စေသော အရေးအသားနှင့် လူအခွင့်အရေးကို ထိခိုက်စေအရေးအသားမျိုး ဖော်ပြခြင်းမှ ရှောင်ကြဉ်ခြင်းဟု ပြဋ္ဌာန်းထားသည်။

မြို့နယ်တရားရုံးတွင် စစ်ဆေးစဉ်က တနင်္သာရီဂျာနယ်ဘက်မှ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ တွဲဖက်အတွင်းရေးမှူး ၁ ဦးမြင့်ကျော်၊ သရော်စာ စာရေးဆရာဗြိတိသျှကိုကိုမောင် အပါအဝင် တရားခံပြသက်သေ ၇ ဦးက ထွက်ဆိုထားသည်။

တရားလိုဘက်မှ တိုင်းအစိုးရအဖွဲ့ ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး၏ ယာဉ်မောင်းဖြစ်သူ ဦးအောင်ကျော်စိုး၊ NLD ပါတီ ထားဝယ်ခရိုင် တွဲဖက်အတွင်းရေးမှူး ဒေါ်အေးအေးမိုး အပါအဝင် တရားလိုပြသက်သေ ၃ ဦးက ထွက်ဆိုထားသည်။

ဂျာနယ်ကို တရားစွဲဆိုခဲ့သည့် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်မှာ ယခုအခါ အဂတိလိုက်စားမှုကျူးလွန်သည့်အတွက် ထောင်ဒဏ်နှစ် ၃၀ ကျခံရန် တိုင်းတရားလွှတ်တော်က အမိန့်ချထားသည်။

ဒေါက်တာလဲ့လဲ့မော်အမှု အယူခံ ဝင်မည် ဟုဆို