ဒေါက်တာလဲ့လဲ့မော်အမှု အယူခံ ဝင်မည် ဟုဆို

0
757
ဓာတ်ပုံ - ဝေယံစိုး

အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ် နှစ်သုံးဆယ်ချမှတ်ခံရသည့်အပေါ် အယူခံ ဝင်သွားမည်ဖြစ်ကြောင်း ဒေါက်တာ လဲ့လဲ့မော်၏ ခင်ပွန်းဖြစ်သူ ဦးထွန်းမင်းက ပြောသည်။

ဒေါက်တာလဲ့လဲ့မော်ကို မေလ ၂၂ ရက်နေ့က အမှုလေးခုအတွက် အလုပ်နှင့် ထောင်ဒဏ်နှစ် ၃၀ ချမှတ်ထားသည်။

ယင်းကဲ့သို့ အမိန့်ချမှတ်ခဲ့သည့် အပေါ် မှတ်ချက်မပေးလိုသော်လည်း အယူခံဝင်မည်ဖြစ်ကြောင်း ဦးထွန်းမင်းက ဆိုသည်။

“ဥပဒေအရပဲ အထက်ကို အယူခံ ဝင်သွားမယ်”ဟု ၎င်းက ပြောသည်။

တိုင်းတရားလွှတ်တော်က ချမှတ်သည့် အမိန့်အပေါ် ကျေနပ်မှုမရှိပါက ရက်ပေါင်း ၉၀ အတွင်း အယူခံဝင်နိုင်ကြောင်း တိုင်းတရားရေးဦးစီးမှူး ဒေါ်အေးအေးသန်းက ဆိုသည်။

“ပြည်ထောင်စုတရားလွှတ်တော် ချုပ်ကို အယူခံဝင်ရောက်နိုင်ပါတယ်”ဟု ၎င်းက ပြောသည်။

ဒေါက်တာလဲ့လဲ့မော်အပေါ် အမိန့်ချ ခဲ့သည့်အပေါ် တစ်စုံတစ်ရာ မှတ်ချက် မပြုလိုတော့ကြောင်း သူမ၏ခဲအိုဖြစ်သူ ဦးအောင်စိုးက တနင်္သာရီအပတ်စဉ်ကို ပြောသည်။

အမှုနှင့် ပတ်သက်၍ GGS ကုမ္ပဏီ ကိုရောင်းချထားသော ဒေါက်တာ လဲ့လဲ့မော် မိသားစုပိုင် သရက်ချောင်းမြို့ ရှိ နေအိမ်နှင့်မြေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့သည်။

ဒေါက်တာလဲ့လဲ့မော်နှင့်အတူ GGS ကုမ္ပဏီတာဝန်ရှိသူ ၃ ဦးကိုလည်း ထောင်ဒဏ် အသီးသီး ချမှတ်ခဲ့သည်။

ဒေါက်တာလဲ့လဲ့မော်ကို စုစုပေါင်း အမှု လေးမှု၊ GGS ကုမ္ပဏီထိပ်ပိုင်း တာဝန်ရှိသူ နှစ်ဦးကို အမှု နှစ်မှုနှင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ပထမ အမှု

ပထမအမှုမှာ လမ်းဦးစီးဌာနကို ဘဏ္ဍာငွေတစ်လုံး တစ်ခဲတည်း ချပေးပြီး ထားဝယ်မြို့ ဆေးရုံလမ်းက ခြံကို ခြံစည်းရိုး ခတ်ခိုင်းသည့် အမှုဖြစ်သည်။

ယင်းအမှုအတွက် ဒေါက်တာ လဲ့လဲ့မော်ကို ထောင်ဒဏ် ၁၀ နှစ် ချမှတ် ကြောင်း တရားရုံးက ဆုံးဖြတ်သည်။

ဒုတိယ အမှု

ဒုတိယ အမှုမှာ ငွေကျပ် သိန်းလေးထောင် အသုံးပြုပြီး လေယာဉ်ကွင်းခြုံရှင်း သည့် အမှုဖြစ်သည်။

ယင်းအမှုအတွက် ဒေါက်တာလဲ့လဲ့မော်ကို ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့သည်။

တတိယ အမှု

တတိယ အမှုမှာ GGS ကုမ္ပဏီက ပေးရမည့် သဘာဝဓာတ်ငွေ့ဖိုး ကြွေးကျန် နဲ့ ပတ်သက်သည့် အမှုဖြစ်သည်။

ယင်းအမှုအတွက် ဒေါက်တာ လဲ့လဲ့မော်ကို ထောင်ဒဏ် ၁၀ နှစ် ချမှတ် ခဲ့သည်။ ထိုအမှုတွင် ပါဝင်သည့်GGS ကုမ္ပဏီက တာဝန်ရှိသူ နှစ်ဦးဖြစ်သည့် မန်နေဂျင်း ဒါရိုက်တာ ဦးသိန်းထွေးနှင့် ဒါရိုက်တာ ဦးအောင်မြတ်ကိုလည်း ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်သည်။

စတုတ္ထအမှု

စတုတ္ထအမှုမှာ ဒေါက်တာလဲ့လဲ့မော် မိသားစုပိုင် သရက်ချောင်း နေအိမ်ကိုGGSကုမ္ပဏီကို ဈေးကွက်ပေါက်ဈေးထက် ပိုရောင်းပြီးGGSကုမ္ပဏီကို ဆောက်လုပ်ရေး လုပ်ပိုင်ခွင့်များ ချပေး သည့် အမှု ဖြစ်သည်။

ယင်းအမှုအတွက်ဒေါက်တာလဲ့လဲ့ မော်၊ ဦးသိန်းထွေးနဲ့ ဦးအောင်မြတ်ကို ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့သည်။ နောက်ပြီး GGS ကုမ္ပဏီက မန်နေဂျာ ဦးသူရအုံကိုတော့ ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့သည်။

တတိယ အမှုနဲ့ စတုတ္ထအမှုကို တစ်ပေါင်းတည်း ကျခံစေရန် အမိန့်ချခဲ့ သည်။

ထိုကြောင့် ဒေါက်တာ လဲ့လဲ့မော်က စုစုပေါင်း အမှုလေးမှုအတွက် ထောင်ဒဏ် အနှစ် ၃၀၊ ဦးသိန်းထွေးနှင့် ဦးအောင်မြတ် တို့က စုစုပေါင်း အမှုနှစ်မှုအတွက် ထောင်ဒဏ် ၁၀ နှစ်၊ စတုတ္ထအမှုတွင် ပါသည့် ဦးသူရအုံက ထောင်ဒဏ် ၅ နှစ် ကျခံရမည်ဖြစ်သည်။

မှတ်ချက်စကားများ

လွှတ်တော်ကတော့ သာစေနာစေဆိုတဲ့ ရည်ရွယ်ချက် မရှိပါဘူး။ သို့သော်လည်းပဲ ပြည်သူတွေကြား ဟိုးလေးတစ် ကျော် ဖြစ်နေတဲ့ ကိစ္စတစ်ခု ဖြစ်နေတဲ့အတွက်။ လွှတ်တော်ကလည်း ပြည်သူ့တို့ဆန္ဒကို ဖော်ဆောင်ရွက်ရမယ်လို့ ရှိတယ်လေ။

တရားရုံးကတော့ တရားစီရင်ရေး အလုပ်တစ်ခု ပြုတာပဲ ဖြစ်မှာပါ။ အဲလိုပဲ လို့ ခံယူပါတယ်။
တို့တိုင်းမှာ ဒီလို ဖြစ်တာ နှစ်ကြိမ် ရှိပြီပေါ့နော်။ ပထမငါးနှစ်မှာ တစ်ခါ၊ ဒုတိယ ၅ နှစ်မှာတစ်ခါ။ အဲလိုဖြစ် ဖြစ်နေတာ ဘာကြောင့်လဲဆိုတာတော့ စိတ်ဝင်စားစရာတော့ကောင်းတယ်ပေါ့။

ဦးခင်မောင်အေး (တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ)
(တိုင်းလွှတ်တော်မှ လွှတ်တော် ကိုယ်စားလှယ်များကလည်း ဒေါက်တာလဲ့လဲ့မော်ကိစ္စအား စိစစ်ရန် လက်မှတ်ရေးထိုးကာ နိုင်ငံတော်သမ္မတနှင့် ဗဟိုအဆင့် ပုဂ္ဂိုလ်များထံ ပေးပို့ခဲ့သည်။)

နိုင်ငံရေးအရလည်း လုပ်ဖော်ကိုင်ဘက်တစ်ယောက် ဖြစ်တဲ့အတွက် စိတ်ထဲမှာ တော်တော်လေးကို စိတ်မကောင်း ပါဘူးခင်ဗျ။ ဖြစ်ပျက်ပျက်ထားတဲ့အနေ အထားတွေက ကျွန်တော်တို့ ဒီလောက်ထိ ဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ထားပါဘူး။ အခုလို ဖြစ်သွားတဲ့ အနေအအထား … တော်တော်လေးကို..၊ ကိုယ့်ရဲ့ မိတ်ဆွေအပေါင်းအသင်းတစ်ယောက် အခုလိုမျိုး ထိခိုက်သွားတဲ့ အတွက် အင်မတန်ကိုပဲ စိတ်မကောင်း ဖြစ်ရပါတယ်။

ဦးကျော်မင်း(လူဝင်မှုကြီးကြပ်ရေး နှင့် လူစွမ်းအားအရင်းအမြစ်ဝန်ကြီး)
(ဝန်ကြီး မဖြစ်မီ လွှတ်တော်ကိုယ်စား လှယ်တာဝန်ယူစဉ်က တိုင်းလွှတ်တော်တွင် လေယာဉ်ကွင်း ခြုံရှင်းသည့်ကိစ္စ၊ ပုလောမြို့တော်ခန်းမနှင့် GGS မှ ရရှိ သွားသည့် အမှုတွဲပါအချက်များကို လွှတ်တော်တွင် မေးခွန်းထုတ်ခဲ့သူ)

ကျွန်တော့်ကို မမေးနေနဲ့၊ ကျွန်တော် ဘာမှမပြောလိုဘူးဗျာ။ ဘာမှမပြောလို ဘူးခင်ဗျား။ ဒီကိစ္စနဲ့။

ဦးအောင်စိုး၊ သရက်ချောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ (ဒေါက်တာလဲ့လဲ့မော်၏ ခဲအို)

ထိုက်သင့်တဲ့အပြစ်ဒဏ်ကိုသူခံပြီးပေါ့။ ဒါပေမယ့်ဒီအမှုဖြစ်စဉ်နဲ့ပတ်သက် ပြီးတော့ပိုပြီးတရားမျှမျှတတဖြစ်စေချင်တယ်။

သူ့တစ်ယောက်တည်းလုပ်သွားတာမဟုတ်ဘူး။ တရားမျှတမှုရှုထောင့် ကကြည့်ရင်ဝိုင်းဝန်းပြီးတော့ကျန်တဲ့သူတွေကို ဖော်ထုတ်ရမယ်။ ဘာဖြစ်ဖြစ်စိတ် တော့မကောင်းပါဘူး။

အဂတိသည်လူ့အဖွဲ့အစည်းတွေအတွက်။ မကောင်းဘူးဆိုတဲ့ရလဒ်ကို ပြည်သူအားလုံးသိသွားတာပေါ့။

နောက်နောင်လာမယ့်ဝန်ကြီးတွေ ဝန်ကြီးချုပ်တွေတိုင်းအဆင့်ပုဂ္ဂိုလ်တွေ လည်းပဲရာထူးမတိုးခင်မှာပိုင်ဆိုင်မှု တွေကိုတင်ဖို့အတွက်ဥပဒေတစ်ခုအမြန်ဆုံး ပြဌာန်းသင့်ကြောင်းကိုလည်းပြောချင်တယ်။

ဝန်ထမ်းမှမဟုတ်ဘူး။ လူထုကရွေးကောက်တာပဲဖြစ်စေ ဗျူရိုကရစ်ဖွဲ့စည်းပုံအရသက်ဆိုင်ရာ ညွှန်ချုပ်တို့ ညွှန်မှူးတို့က ခန့်တာဖြစ်စေ သူတို့အတွက် သင်ခန်းစာယူစရာဖြစ်မယ်။

ပိုင်ဆိုင်မှုတွေကိုလည်းပဲ စာရင်းကောက်ထားသင့်ကြောင်းကိုအကြံပေးချင်တယ်။ နောက်နောင် ဒီလိုမျိုးအဂတိတွေ မဖြစ်အောင်ပေါ့။

ဦးအောင်နိုင်ဦး
ဥက္ကဋ္ဌ
တနင်္သာရီတိုင်းဒေသကြီးတရားဥပဒေစိုးမိုးရေးဌာနနှင့်တရားမျှတမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့