၀န်ထမ်းအိမ်ရာလိုအပ်ချက် စစ်တမ်းကောက်မည်

0
709

တနင်္သာရီတိုင်းအတွင်း ဝန်ထမ်းအိမ်ရာ လိုအပ်ချက် စစ်တမ်းကောက်မည်ဖြစ်ကြောင်း တိုင်းမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရသည်။

တနင်္သာရီတိုင်းရှိ လက်ရှိဝန်ထမ်း အိမ်ရာအခန်းပေါင်း ၈၁၄ ခန်းရှိပြီး ယင်းပမာဏသည် တိုင်းပြင်ပမှ လာရောက် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအတွက်ပင် လောက်ငမှု မရှိကြောင်း အထက်ပါဌာန တိုင်းဦးစီးမှူး ဦးသိန်းထူးက ပြောသည်။

လက်ရှိအနေအထားအရ ဝန်ထမ်းခြောက်ဦးလျှင် တစ်ဦးနှုန်းသာ ဝန်ထမ်းအိမ်ရာချထားပေးနိုင်သည့် အခြေအနေရှိကြောင်း ဦးသိန်းထူးက ပြောသည်။

“ထားဝယ်မှာဆိုရင် ဝန်ထမ်းဘယ် နှယောက်ရှိလဲ၊ သက်ဆိုင်ရာဌာနတွေ မှာရှိတဲ့ ဝန်ထမ်းတွေက ဘယ်လောက်လဲ။ ဒေသခံတွေက ဘယ်လောက်ရှိလဲ။ မြို့ပြ အိမ်ရာဌာနက ပေးနိုင်တဲ့ ဝန်ထမ်း ဘယ်လောက်ရှိလဲဆိုတာတွေကို လေ့လာမှုလေးလုပ်ဖို့ ရှိတယ်” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ ကိုဗစ် ကပ်ဘေး အခြေအနေ

ဝန်ထမ်းအိမ်ရာချထားပေးရာတွင် စိစစ်မူအားနည်းချက်ရှိနေသဖြင့် အိမ်မရှိသည့်ဝန်ထမ်းက အိမ်ရာမရဘဲ၊ အိမ်ရှိသူ အချို့က ဝန်ထမ်းအိမ်ရာရနေကြောင်း ထားဝယ်မြို့တွင် တာဝန်ထမ်းဆောင်နေသည့် အမည်မဖော်လိုသည့် အစိုးရ ဝန်ထမ်းတစ်ဦးက ပြောသည်။

“အပြင်မှာ တိုက်ကြီးနဲ့၊ ကားကြီးနဲ့ နေတဲ့သူတွေတောင် ဝန်ထမ်းအိမ်ရာရတဲ့သူတွေ ရှိတယ်။ အပြင်မှာက တိုက်နဲ့ နေတယ်။ ဝန်ထမ်းအိမ်ရာမှာက သူ့ဆွေ မျိုးသားချင်းတွေကို ထားထားတာတွေလည်း ရှိတယ်” ဟု ၎င်းက ပြောသည်။

သူကိုယ်တိုင်လည်း အိမ်မရှိသည့်အတွက် ဝန်ထမ်းအိမ်ရာ အကြိမ်ကြိမ် လျှောက်ထားသော်လည်း လက်ရှိအချိန်အထိ မရသေးကြာင်း ၎င်းက ပြောသည်။

ဦးသိန်းထူးကမူ ဝန်ထမ်းအိမ်ရာ လျှောက်သူတွင် အိမ်ရှိ၊ မရှိကို သက်ဆိုင်ရာ ဌာနအကြီးအကဲ၏ ထောက်ခံချက်ဖြင့် စိစစ်ဆောင်ရွက်ကြောင်း ပြန်လည်ဖြေရှင်းသည်။

တိုင်းအတွင်း ဝန်ထမ်းအိမ်ရာ လျှောက်ထားသူ ၂၀ဝ ဝန်းကျင်ရှိနေကြောင်း တိုင်းမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရသည်။

ကျော်သူစိုး