စပါးတင်းနှစ်သိန်းဝယ်ရန် တိုင်းအစိုးရ တင်ပြ

0
405

မိုးစပါးပေါ်ချိန်တွင် တိုင်းအတွင်းက လယ်သမားများထံမှ စပါးတင်းပေါင်း နှစ်သိန်းဝယ်ယူနိုင်ရေး ပြည်ထောင်စု အစိုးရထံ ထပ်တင်ပြထားကြောင်း တိုင်းအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချိုက ပြောသည်။

အခြေခံဈေးနှုန်းအောက်ကျဆင်းနေသည့် စပါးများကို ငွေကျပ်သိန်း တစ်သောင်းဖြင့် ဝယ်ယူရန် ယခုနှစ်ဆန်းပိုင်းအတွင်း တိုင်းအစိုးရက စီစဉ်ခဲ့ဖူးသည်။

ယင်းသို့ စီစဉ်နေဆဲတွင် စပါးဈေးနှုန်းမှာ အခြေခံဈေးနှုန်းထက် ပိုမြင့်တက်သွားသဖြင့် ယင်းအစီအစဉ်မှာ မလုပ်ဖြစ်တော့ပေ။

တိုင်းနှင့်ပြည်နယ်အချို့ရှိ လယ်သမားများထံတွင် ပြည်ထောင်စုအစိုးရ ရန်ပုံငွေဖြင့် နှစ်စဉ်နီးပါး စပါးဝယ်ယူနေခဲ့သော်လည်း တနင်္သာရီတိုင်းတွင်မူ တစ်ကြိမ်မှ မဝယ်ဖူးခဲ့ပေ။

ယင်းအတွက်ကြောင့် ယခုနှစ်တွင် တနင်္သာရီတိုင်းမှ ဝယ်ယူခွင့်ရရှိရေးအတွက် ဇူလိုင်လ ဒုတိယအပတ်ကတည်းက ပြည်ထောင်စုအစိုးရထံ ကြိုတင်ပြီး တင်ပြထားခြင်းဖြစ်ကြောင်း ဒေါ်ရီရီချိုက ပြောသည်။

“အခြေခံစပါးဈေးနဲ့ စပါး(တင်း)နှစ်သိန်းလောက် ဝယ်နိုင်အောင်လို့ တင်ထားတာ” ဟု ၎င်းင်းက ပြောသည်။

မိုးစပါးပေါ်ချိန်တွင် စပါးဈေးနှုန်း နှစ်စဉ်ကျဆင်းလေ့ရှိသဖြင့် အစိုးရက စပါးဝယ်မည့်အစီအစဉ်ကို ဖြစ်မြောက်အောင် ဆောင်ရွက်စေလိုကြောင်း လောင်းလုံးမြို့နယ် စစ်ပြဲကျေးရွာမှ လယ်သမား ဦးသောင်းတင်က ပြောသည်။

“ဖြစ်မှ အမှန်လို့ပဲ ပြောရတော့မယ်။ အရင်ကလည်း ဒီလိုပဲ ကြားတာပဲ။ အစိုးရက စပါးဝယ်မယ်ဆိုပြီး။ နောက်ဆုံး ဘယ်လိုဖြစ်သွားလဲ။ ပလုံသွားတာပဲ မဟုတ်လား” ဟု ဦးသောင်းတင်က ပြောသည်။

ပြည်ထောင်စုမှ စပါးဝယ်ခွင့်ပြုပါက တိုင်းအတွင်း စပါးဝယ်ယူရေး ကော်မတီဖွဲ့စည်း ဆောင်ရွက်မည်ဖြစ်ကြောင်း ဒေါ်ရီရီချိုက ပြောသည်။

ကျော်သူစိုး