ငွေအတုလုပ်သည့် တပ်အရာရှိဟောင်းကို ထောင်ဒဏ် ၁၃ နှစ်ချ

0
610

ငွေစက္ကူအတုလုပ်မှုဖြင့် ယမန်နှစ်က ထားဝယ်မြို့တွင် ဖမ်းမိပြီး တရားစွဲဆို ခံထားရသည့် တပ်မတော် အရာရှိဟောင်းကို ထောင်ဒဏ် ၁၃ နှစ် အမိန့်ချမှတ်လိုက်ကြောင်း ထားဝယ်ခရိုင်တရားရုံးထံမှ သိရသည်။

တပ်အရာရှိဟောင်းဖြစ်ခဲ့သူ ကောင်းထက်ဇော်ကို ဇွန်လ ၂၂ ရက်နေ့ တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေများဖြင့် ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း အထက်ပါ တရားရုံးထံမှ သိရသည်။

ရန်ကုန်မြို့နေ အသက် ၃၂ နှစ် အရွယ်ရှိ အဆိုပါအမျိုးသားက ဗိုလ်ကြီးဟောင်းဖြစ်ပြီး တပ်မတော်မှပြစ်မှုဖြင့် ထုတ်ပယ်ခံထားရကာ ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံထားရသူဖြစ်သည်ဟု စစ်ဆေးချက်အရ သိရကြောင်း ထားဝယ်မြို့မ ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူက ပြောဆို ထားသည်။

အဆိုပါပြစ်မှုဖြင့် ထောင် ၅ နှစ်ခန့်ကျခံပြီး လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လွတ်လာသူဖြစ်သည်ဟု ဆိုသည်။

၎င်းင်းအမျိုးသားက ငွေလွှဲရန်အတွက် ပေးချေသည့်တစ်သောင်းတန်များမှာ အတုဖြစ်ကြောင်း Wave Money ဆိုင်က သိရှိသည့်အတွက် အဆိုပါငွေစက္ကူများမှာ ဘဏ်တစ်ခုမှ ထုတ်ယူလာခြင်းဖြစ်သည်ဟုဆိုကာ ဆိုင်မှထွက်သွားခဲ့သည်။

ယင်းနောက် ထားဝယ်မြို့ရှိ သဟာယလက်ဖက်ရည်ဆိုင်တွင် ရောက်ရှိနေကြောင်း သတင်းရသည့်အတွက် ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီး ခဲ့သည်။

အဆိုပါ အမျိုးသားကို ဖမ်းမိချိန် တွင် ၎င်းင်းထံမှ တစ်သောင်းတန်အတု ၃၆ ရွက်ကို တွေ့ရှိရပြီး ၎င်းင်းတည်းခိုသည့် တည်းခိုခန်းသို့ ဝင်ရောက်ရှာဖွေရာ ငွေစက္ကူအတုတွင် ရေစာ(လုံခြုံရေးကြိုး) လုပ်သည့် လက်သည်းဆိုးဆေးပုလင်းနှင့် ကတ်ကြေး၊ ပေတံ အစရှိသည့် ပစ္စည်းများတွေ့ရသည်ဟု ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။

ယင်းအပြင် အဆိုပါ အမျိုးသားကိုင်ဆောင်သည့် လက်ကိုင်ဖုန်းအတွင်းတွင် ငွေစက္ကူအတုအဆင်သင့်ထုတ်နိုင်သည့် Soft Copy တစ်ခုကိုလည်းတွေ့ရသည်ဟု ဆိုသည်။

ငွေစက္ကူအတုများကို ထားဝယ်မြို့ဆေးရုံလမ်းရှိ ကွန်ပြူတာစာစီစာရိုက် ဆိုင်တွင် ကထိန်ပဒေသာပင်၌ အလှဆင်ရန်ဟုဆိုကာ အဆိုပါ Soft Copy ဖြင့်ပင် ၎င်းကိုယ်တိုင် ဆိုင်မှ ရောင်စုံပုံနှိပ်စက်ဖြင့် ထုတ်ယူခဲ့ကြောင်း သိရသည်။

အဆိုပါအမျိုးသားကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် တရားစွဲဆိုခဲ့ပြီးနောက် ရုံးချိန်းပေါင်း ၂၃ ကြိမ် စစ်ဆေးကာ ယင်းကဲ့သို့ အမိန့်ချခဲ့ကြောင်း ထားဝယ်ခရိုင်တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“စွဲချက်တင်ခဲ့ပြီးတော့ အပြစ်ရှိ/မရှိ တရားရုံးတော်က မေးမြန်းရာ တရားခံက အပြစ်ရှိကြောင်း ဝန်ခံခဲ့တဲ့အတွက် အမိန့်ချမှတ်ခဲ့ခြင်းပဲ ဖြစ်ပါတယ်” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။

၎င်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မ – ၁၀၅ အရ အလုပ်နှင့် ထောင်ဒဏ် ၃ နှစ်နှင့် ယင်းဥပဒေပုဒ်မ-၁၀၆ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်ကျခံစေရန် အမိန့်ချခဲ့စသည်။

တရားရုံးတော်က ပြစ်ဒဏ်များ တစ်ပေါင်းတည်းကျခံစေရန် အမိန့်ချခဲ့ကြောင်း ယင်းတာဝန်ရှိသူက ဆိုသည်။

ထိုကြောင့် အထက်ပါ အမျိုးသားသည် စုစုပေါင်း အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်သာ ကျခံရမည် ဖြစ်သည်။