ငါးရှဉ့်ထောင်သူတို့ကြောင့် စပါးဖျက်ရွှေခရု ပိုပြန့်ပွားနိုင်ကြောင်း စိုက်ပျိုးရေးဌာန သတိပေး

0
893

စပါးဖျက်ရွှေခရုပြန့်ပွားရသည့် အကြောင်းရင်းများအနက် ရွှေခရုကို အစာအဖြစ်အသုံးပြုပြီး ငါးရှဉ့်ထောင် ဖမ်းခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း တနင်္သာရီတိုင်း စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲမှ တိုင်းတာဝန်ခံက သတိပေးပြောကြား သည်။

ထားဝယ်မြို့နယ်နှင့် လောင်းလုံး မြို့နယ်ရှိ ကျေးရွာအချို့တွင် ရွှေခရုကို အစာအဖြစ် အသုံးပြုပြီး ငါးရှဉ့်ထောင် ဖမ်းနေသူတွေရှိကြောင်း လယ်သမားအချို့နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးအချို့က ပြောသည်။

ရွှေခရုနှင့်ပတ်သက်ပြီး အတွေ့ အကြုံမရှိသေးသည့် လယ်သမားအချို့ကမူ ငါးရှဉ့်ထောင်ဖမ်းသူတို့ကြောင့် ရွှေခရု ပိုပြန့်ပွားနိုင်ကြောင်းနှင့် ခရု စပါးဖျက်ဆီးပုံအကြောင်းကို သေသေချာချာ မသိကြပေ။

ယင်းသို့ ငါးရှဉ့်ထောင်ဖမ်းသူတို့ကြောင့် ကန်သင်းရိုးများ ပျက်စီးခြင်း၊ စပါးခင်းများ အပျက်အစီးရှိခြင်းကိုသာ အတွေ့အကြုံမရှိသေးသည့် လယ်သမားအချို့က ပြောဆိုနေကြသည်။

အတွေ့အကြုံရှိပြီးသော ကျေးရွာအချို့တွင်မူ လယ်ကွက်များအတွင်း ငါးရှဉ့် ဖမ်းခြင်းကို တားမြစ်နေကြသည်။

တိုင်းအတွင်း လယ်ကွက်များအတွင်း ရွှေခရုစတင်ကျရောက်လာသည်မှာ ၂၀၁၇ ခုနှစ်ကတည်းကဖြစ်ပြီး ၂၀၁၉ ခုနှစ်မှ သတိထားမိလာကြောင်း တိုင်းသီးနှံ ကာကွယ်ရေးတာဝန်ခံ ဒေါ်အေးသန္တာစိုးက ပြောသည်။

“ငါးရှဉ့်ထောင်သူတွေကသာ ရွှေခရုကို အစာအဖြစ် အသုံးပြုနေကြတယ် ဆိုရင်တော့ အဲဒါက အန္တရာယ်ရှိတယ်” ဟု ဒေါ်အေးသန္တာစိုးက ပြောသည်။

ယင်းအတွက်ကြောင့် မည်သည့် အကြောင်းရင်းနှင့်မျှ တစ်နေရာမှ တစ်နေရာသို့ ရွှေခရုကို သယ်ဆောင်ခြင်း မပြုလုပ်ရန်လည်း သတိပေး တားမြစ်ထားကြောင်း ၎င်းက ပြောသည်။

လောင်းလုံးမြို့နယ် မင်းရပ်ကျေးရွာတွင် ရွှေခရုကြောင့် ၂၀၁၇ ခုနှစ်က လယ်ဧက ၃၀ ကျော်ပျက်စီးခဲ့ဖူးပြီး ၂၀၁၉ ခုနှစ်တွင် ဧက ၇၀ ကျော် ပျက်စီးခဲ့ဖူးသည်။

ထားဝယ်မြို့နယ် ဇဟာကျေးရွာတွင်လည်း ပြီးခဲ့သည့် နွေရာသီတွင် နွေစပါးခင်းမျာ ရွှေခရုဖျက်ဆီးခြင်းကို ခံခဲ့ရကြောင်း ယင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလွင်မိုးက ပြောသည်။

ယခုနှစ်တွင်မူ ဆောင်းခိုခရုစုပ်ငှက်များ ရွှေခရုများကို လာရောက်စားသောက်ကြခြင်း၊ အုပ်စုလိုက်ခရုကောက်ခြင်းတို့ကြောင့် ရွှေခရုဖျက်ဆီးမှု လျော့နည်းလာကြောင်း ၎င်းက ပြောသည်။

ငါးရှဉ့်ထောင်ဖမ်းသူတို့ကြောင့် ရွှေခရုပြန့်ပွားသကဲ့သို့ကပင် ရေကြီး၊ ရေလျှံခြင်း၊ အစားအစာအဖြစ် သုံးပြုရန် တစ်နေရာမှတစ်နေရာ သယ်ဆောင်ခြင်း စသည်တို့သည်လည်း ရွှေခရုပိုမို ပြန့်ပွားလာခြင်း အကြောင်းအရင်းများဖြစ်ကြောင်း တိုင်းစိုက်ပျိုးရေး ဦးစီးဌာန သီးနှံကာကွယ်ရေးဌာခွဲထံမှ သိရသည်။

ကျော်သူစိုး