တိုင်းအစိုးရအဖွဲ့ရုံးကို ဒုတိယအကြိမ်လေးခွဖြင့် ပစ်သူ

0
595

တနင်္သာရီတိုင်း အစိုးရအဖွဲ့ရုံးကို ဒုတိယအကြိမ်မြောက် လေးခွဖြင့်ပစ်သူ ကို ၁၅ ရက်အတွင်း တရားစွဲတင်မည်ဖြစ်ကြောင်း ထားဝယ်မြို့မ ရဲစခန်းမှူးက ပြောသည်။

လောင်းလုံးမြို့နယ်၊ ကမြောကြီး ကျေးရွာနေ အသက် ၂၇ နှစ်အရွယ်ရှိ အမျိုးသားက ဇွန်လ ၂၇ ရက် ည ၁၀ နာရီခွဲခန့်တွင် တိုင်းအစိုးရအဖွဲ့၏ တိုးချဲ့အဆောင်ရှိ မှန်များကို လေးခွဖြင့် ပစ်ခတ် ခဲ့ခြင်းဖြစ်သည်။

လေးခွဖြင့် ပစ်ခတ်မှုကြောင့် တိုးချဲ့ အဆောင်ရှိ အလျား ၃ ပေခွဲ၊ အနံ ၁ ပေခွဲရှိသည့် မှန် ၄ ချပ်ကွဲသွားခဲ့ကြောင်း ရဲစခန်းထံမှ သိရသည်။

အဆိုပါ အမျိုးသားကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး တိုင်းအစိုးရအဖွဲ့ရုံးမှ ဦးစီးအရာရှိတစ်ဦးက ပြည်သူပိုင် ပစ္စည်းဖျက်ဆီးမှု ဥပဒေပုဒ်မ – ၆-၁ ဖြင့် အမှုဖွင့် ထားသည်။

လက်ရှိတွင် ၎င်းကို စစ်ဆေးနေပြီး ၁၅ ရက်အတွင်း တရားစွဲတင်မည်ဖြစ်ကြောင်း စခန်းမှူးက ဆိုသည်။

“အခုက မြန်မယ့်သဘောရှိတယ်။ ဒီအမှုက သက်သေတွေ ဘာတွေကလည်း ရဲသက်သေနဲ့ အရပ်သားသက်သေတွေနဲ့ ဆိုလို့ရှိရင် သိပ်အများကြီးမဟုတ်ဘူးလေ။ အများကြီးမဟုတ်ဘူးဆိုတော့ ရမန်တစ်ပတ်အတွင်းမှာ စွဲတင်နိုင်ဖို့တော့ စီစဉ်ထားတယ်ပေါ့” ဟု ထားဝယ် စခန်းမှူးက ပြောသည်။

၎င်းကိုစစ်ဆေးရာတွင် စိတ်ပုံမှန်မဟုတ်သည့် အခြေအနေမျိုး ကြုံတွေ့ရပြီး အခြားရည်ရွယ်ချက်မတွေ့ရကြောင်း ၎င်းက ဆိုသည်။

ရဲတပ်ဖွဲ့က ဖမ်းဆီးချိန်တွင် အခြားသူတစ်ဦး ရိုက်ကူးထားသည့် ရုပ်သံမှတ်တမ်းအရ အဆိုပါ အမျိုးသား၏လက်ထဲတွင် ဓားကဲ့သို့သော ချွန်ထက်သည့် လက်နက်တစ်ခုကို ကိုင်ဆောင် ထားသည်။

ရုပ်သံတွင် ဖော်ပြချက်အရ ရဲတပ်ဖွဲ့ က ၎င်းကို အချိန်ကြာမြင့်စွာ အမျိုးမျိုးဖျောင်းဖျပြီးမှသာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်ကလည်း ယင်းအမျိုးသားက အဆိုပါ အဆောက်အအုံကိုပင် လေးခွဖြင့် ပစ်ခဲ့ဖူးပြီး ထောင်ဒဏ် ချမှတ်ခံခဲ့ရဖူးသည်။

မှန်ပစ်ခွဲခံရသည့် အဆောက်အအုံသစ်သည် ကိုလိုနီခေတ်လက်ရာဖြစ်သည့် ပင်မအဆောက်အအုံကို ဖုံးကွယ်နိုင်ခြင်းကြောင့် မတည်ဆောက်မီကတည်းက မြို့ခံအချို့က ကန့်ကွက်ခဲ့ ဖူးသည်။