ထားဝယ်တိုင်းရင်းသားနာမည်ရှေ့တွင် နောန်နှင့်မယ် ထည့်သွင်းရန် နှိုးဆော်မည်

0
1477

ယခုပညာသင်နှစ် ကျောင်းအပ်ချိန်တွင် ထားဝယ်တိုင်းရင်းသားများ၏ အမည်အရှေ့၌ အမျိုးသားဖြစ်ပါက “နောန်”၊ အမျိုးသမီးဖြစ်ပါက “မယ်” ဆိုသည့် ရှေ့ဆောင်နာမည်ထည့်သွင်းသွားရန် နှိုးဆော်မည်ဖြစ်ကြောင်း ထားဝယ်လူမျိုးစုစည်းမှု ကော်မတီထံ(ဗဟို)မှ သိရသည်။

အမည်ရှေ့တွင် မောင်နှင့် မ ကို ထည့်သွင်းမည့်အစား နောန်နှင့်မယ်ကို ထည့်သွင်း ကျောင်းအပ်ပေးကြပါရန် နှိုးဆော်မည်ဖြစ်ကြောင်း အထက်ပါကော်မတီ ဥက္ကဋ္ဌ ဦးအောင်မျိုးက ပြောသည်။

ဇွန်လ ပထမအပတ်က မွန်နှင့် ကရင်ပြည်နယ်အစိုးရကလည်း ကျောင်းအပ်ရာတွင် ၎င်းတို့တိုင်းရင်းသားများ၏ ရှေ့ဆောင်နာမည်များကို ထည့်သွင်းသွားရန် တိုက်တွန်းနှိုးဆော်ခဲ့သည်။

ယင်းနောက် ထားဝယ်လူမျိုးစုစည်း မှုကော်မတီ(ဗဟို)ကလည်း ထားဝယ်တိုင်းရင်းသားများလည်းကျောင်းအပ်ရာတွင် ရှေ့ဆောင်နာမည် ထည့်သွင်းရေးကိစ္စကို တိုင်းရင်းသားလူမျိုးရေးရာဝန် ကြီးဌာနသို့ စာပို့မေးမြန်းခဲ့သည်။

ဝန်ကြီးဌာနမှ မိမိတို့သဘောဆန္ဒအလျောက် ထည့်သွင်းခွင့်ရှိကြောင်း အကြောင်းပြန်လာသဖြင့် ယင်းကဲ့သို့ တိုက်တွန်းနှိုးဆော်ခြင်းဖြစ်ကြောင်း ဦးအောင်မျိုးက ပြောသည်။

ထားဝယ်တိုင်းရင်းသားရှေ့ဆောင် အမည်ကို မိမိတို့၏ သဘောဆန္ဒအလျောက်သာ ထည့်သွင်းသွားရန် နှိုးဆော်မည်ဖြစ်ကြောင်း ဦးမျိုးအောင်က ပြောသည်။

“အားလုံးပြောင်းရမယ်လို့တော့ မဆိုလိုဘူးပေါ့။ တစ်နိုင်ငံလုံးမှာရှိတဲ့ ထားဝယ်လူမျိုးတွေ နောန်နဲ့မယ်ကို ထည့်ဖို့သွင်းဖို့ဆိုပြီးတော့ နှိုးဆော်သွား မယ်ပေါ့” ဟု ၎င်းကပြောသည်။

တိုင်းရင်းသားများ နိုင်ငံရေးတန်းတူ ရရှိလာစေရန် ပထမအဆင့်အနေဖြင့် ဆောင်ရွက်ခြင်းဖြစ်သောကြောင့် ထားဝယ်တိုင်းရင်းသား ရှေ့ဆောင်နာမည် ထည့်သွင်းရန် လုပ်ဆောင်ချက်ကို ကြိုဆိုကြောင်း ထားဝယ်တိုင်းရင်းသား များပါတီဥက္ကဋ္ဌ ဦးအေးမင်းက ပြောသည်။

“နှိုးဆော်သမားကတော့ နှိုးဆော် လိုက်ပြီပေါ့။ မထည့်ချင်ဘူးလို့ပြောတဲ့ သူကိုတော့ ပြောလို့မရဘူးလေ။ ထည့်ချင်တဲ့သူ ထည့်ကြဆိုတဲ့ လမ်းနဲ့သွားကြရမှာ” ဟု ဦးအေးမင်းက ပြောသည်။

တနင်္သာရီအပတ်စဉ်က ထားဝယ် ခရိုင် ၄ မြို့နယ်မှ ထားဝယ်တိုင်းရင်းသား ၁၇ ဦးကို မေးမြန်းရာ ၁၀ ဦးက “နောန်”၊ “မယ်” စသည့် ရှေ့ဆောင်နာမည်များထည့်ရန် ဆန္ဒမရှိဟု ဖြေဆိုပြီး၊ ၃ ဦးက အခြေအနေအရဆိုဖြေဆိုသည်။

၄ ဦးမှာ ထားဝယ်တိုင်းရင်းသား ရှေ့ဆောင်အမည်ထည့်သွင်းရန် စိတ်ဝင်စားသည်။

“ကျွန်မအနေနဲ့တော့ မထည့်ချင်သေးဘူး။ အရင်ကအတိုင်းပဲ မတွေ၊ မောင်တွေ ထည့်သုံးချင်သေးတယ်။ တစ်တိုင်းလုံး တစ်ပြည်လုံးနဲ့ပတ်သက် လာရင်တော့ လုပ်မယ်။ ကိုယ်ဆန္ဒ သဘောဆိုရင်တော့ မောင်တွေ၊ မတွေပဲ နှစ်သက်ပါတယ်” ဟု လောင်းလုံးမြို့နယ် အင်းဝန်းကျေးရွာမှ ကျောင်းသားမိခင် တစ်ဦးက ပြောသည်။

ထားဝယ်လူမျိုးစုစည်းမှုကော်မတီ (ဗဟို)ကမူ ယင်းကိစ္စကို ကျောင်းအပ်နှံ ကာလအတွင်း နှိုးဆော်သွားရန် တိုင်း ပညာရေးမှူးရုံးကိုလည်း စာပို့ထားပြီး ပညာရေးမှူးရုံးကလည်း မြို့နယ်ပညာ ရေးမှူးရုံးများကို ထပ်ဆင့်ညွှန်ကြားထားသည်။

ထားဝယ်တိုင်းရင်းသားရှေ့ဆောင် အမည်ကိစ္စ မှတ်ချက်မျာ

အရင်ကနာမည်အတိုင်းပဲ ထည့်ချင် တယ်။ တော်ကြာ သားတွေ၊ သမီးတွေ ကြီးလာလို့ အလုပ်တွေ ဘာတွေလုပ်ရင် အဆင်မပြေမှာ စိုးရိမ်လို့ပေါ့လေ။ အဓိက ကတော့။ ငါတို့လည်းအရင်က ဒီအတိုင်းပဲ သုံးလာတာဆိုတော့ ဒီလိုပဲဆက်ပြီးပဲ သုံးချင်တယ်။ မိဘတွေက ဦးနဲ့ဒေါ်နဲ့ ဖြစ်နေပြီး သားသမီးတွေက တစ်မျိုးဖြစ် နေရင် အလုပ်လုပ်ရင် အခက်အခဲဖြစ်မှာ စိုးလို့ပါ။
ဒေါ်သီသီဝင်း၊
ညင်းမော်ကျေးရွာ၊ လောင်းလုံးမြို့နယ်


ကိုယ့်စာပေဆိုတော့ လက်ခံတယ် ကျွန်တော်တို့ကတော့။ ကျောင်းဖွင့်ရင် “နောန်” ဆိုတဲ့ဟာ ထည့်ဖြစ်မယ်။ ထားဝယ်ယဉ်ကျေးမှု ထားဝယ်စာပေဆိုတာ ရှိရမယ်လေ။ တခြားလူမျိုးတွေ မှာလည်းရှိတော့ ကျွန်တော်တို့က လက်ခံ ရမယ်လေ။
ဦးကျော်မိုး၊
(ခ)ရပ်ကွက်၊ ရေဖြူမြို့


“နောန်” တို့ “မယ်”တို့ ထည့်မှာကို မကြိုက်ဘူး။ ကျင့်သားလည်း မရှိဘူးလေ။ ခေါ်ရမှာ ရှေးဆန်နေသလိုပဲ။ ခေါ်ဖြစ်မှာလည်း မဟုတ်ဘူး။ ဟိုအရင် ကတည်းက ခေါ်လာတာဆိုရင် တစ်မျိုး ပေါ့။ အခုခေတ်က မောင်၊ မ ဖြစ်နေ ကြပြီလေ။
ဦးသန်းဇင်ဦး၊
ဝဲကျွန်းထိန်ဟောင်း၊ ထားဝယ်မြို့


“မယ်” တွေ “နောန်”တွေကတော့ ကျွန်မတို့ ပြောနေကျ စကားပဲလေ။ ပြောနေကျစကားဆိုတော့ ကျွန်မတို့ အတွက်ကတော့ ထားဝယ်က ထားဝယ်ပဲ ပေါ့နော်။ ဟိုမျိုးမှ ဒီမျိုးမှဆိုပြီးတော့ မဟုတ်ပါဘူး။ ဘယ်လိုမဆို အဆင်ပြေ ပါတယ်။ ကျောင်းအပ်တာတွေ ဘာတွေမှာတော့ သားသမီးတွေကိုက ကျောင်းက အပ်ထားပြီးသားလေ။ အဲလိုပြောင်းမယ်ဆိုတာတွေတော့ မစဉ်းစားရသေး ဘူးပေါ့နော်။ နည်းနည်းတော့ လေ့လာ ရဦးမှာပေါ့။ အခုချိန်မှာတော့ ကျောင်းဘယ်လိုအပ်မယ်ဆိုတာတော့ ပြောလို့ မရဲသေးဘူးပေါ့နော်။ သူများတွေ အခြေအနေလည်း ကြည့်ရဦးမယ်လေ။ ကိုယ် တစ်ယောက်တည်း ပြောင်းနေလို့ကလည်း အဆင်မပြေဘူးလေ။
ဒေါ်ထွန်းရှိန်၊
သာယာကုန်းကျေးရွာ၊
လောင်းလုံးမြို့နယ်