ဂျပန်စစ်ကျန်ပစ္စည်းတူးထားသည့် နေရာတွင် လူ ၄ ဦး သေဆုံးမှုဖြစ်

0
719

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ဝဲကဝါကျေးရွာအုပ်စုအတွင်းရှိ ဒုတိယကမ္ဘာစစ်ကာလက ဂျပန်စစ်စခန်းအဖြစ် အသုံးပြုခဲ့သည့် မိန်ဘလာတောင် (ဂျပန်တောင်ဟုလည်းခေါ်သည်) တွင် စစ်ကျန်ပစ္စည်းရှာဖွေရန် တူးဖော်ထားသည့်နေရာတွင် မိန်းကလေး ၃ ဦးနှင့် အမျိုးသမီးကြီး ၁ ဦး ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ဇွန်လ ၁၇ ရက်နေ့ ည ၆ နာရီအချိန်ခန့်က ဝဲကဝါကျေးရွာအုပ်စု အောင်ကုသိုလ်ရပ် ဓမ္မကရုဏာဘုန်းကြီးကျောင်း၌ ကပ္ပိယအဖြစ်နေထိုင်သူ အသက် ၆၆ နှစ်အရွယ် အမျိုးသမီးနှင့် အသက် ၁၂ နှစ်အရွယ် မိန်းကလေး ၂ ဦး၊ အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦးတို့သည် ဘုရားရှစ်ခိုးချိန် ပြန်ရောက်မလာသည့်အတွက် လိုက်လံ ရှာဖွေရာမှ ထိုဂျပန်စစ်ကျန်ပစ္စည်းများ တူးဖော်ထားသည့် ရေကန်ကဲ့သို့ဖြစ်နေသည့် မြေကျင်းနေရာတွင် သေဆုံးလျက်ရှာဖွေတွေ့ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ အမျိုးသမီး ၄ ဦး သေဆုံးမှုသည် ရေနစ်သေဆုံးခြင်းဖြစ်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် သေမှုသေခင်းဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သံဖြူဇရပ်မြို့မရဲစခန်း တာဝန်ရှိသူထံမှ သိရသည်။

“ကျင်းတွေက တော်တော်နက်တယ် တူးထားတာတွေကလည်း ဒီလိုပဲ လျှောက်တူး လျှောက်ကလော်ထားတဲ့ပုံစံနဲ့ တူးထားတာ ကျင်းတွေလည်း တူးထားတယ်။ မြောင်းပုံစံတွေလည်း တူးထားတယ်။ တူးထားတာတွေက တော်တော် နက်တယ်။ အခုမိုးလည်း ရွာလာတော့” ဟု သံဖြူဇရပ်မြို့ခံ ဦးထွန်းမြင့်ကျော်က ပြောသည်။

မိန်ဘလာတောင် (ဂျပန်တောင်)တွင် ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တို့ မြှုပ်နှံထားခဲ့သည့် ရတနာပစ္စည်း၊ စစ်ကျန်ပစ္စည်း၊ ရှေးဟောင်းပစ္စည်းများကို ရှာဖွေတူးဖော်ရန်ဟုဆိုပြီး ရန်ကုန် အခြေစိုက် Royal Eagle Myanmar Development Group Co,Ltd. ကို ပြည်နယ်အစိုးရက ကနဦး စူးစမ်းလေ့လာခွင့်ကို ၂၀၁၈ နှစ်ဆန်းပိုင်းမှ ၂၀၁၉ ခုနှစ်ကုန်အထိ ခွင့်ပြုခဲ့သည်။

ထိုနောက် ကနဦးစူးစမ်းလေ့လာခွင့်ကို ပိတ်သိမ်းစေခဲ့ပြီး မြေပြင်တွင် ဆောင်ရွက်ထားသည်များကို မူလအတိုင်းဖြစ်အောင် ပြန်လည်ဆောင်ရွက်ရန်နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုအတွက် သစ်ပင်များပြန်လည်စိုက်ပျိုးသွားရန် ပြည်နယ်အစိုးရအဖွဲ့က ကုမ္ပဏီကိုအကြောင်းကြားခဲ့ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ ဆောက်လုပ် ရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြီးခဲ့သည့် ဖေဖော်ဝါရီလ လွှတ်တော်အစည်းအဝေးတွင် ပြောခဲ့သည်။

သို့သော်လည်း မြေပြင်တွင် ကုမ္ပဏီဘက်မှ တစ်စုံတစ်ရာ လုပ်ဆောင်ပေးထားခြင်းမရှိဘဲ တူးဖော်ထားသည့်အတိုင်းသာပစ်ထားပြီး ယခုအခါ အန္တရာယ်ရှိနေရာတစ်ခုဖြစ်လာကြောင်း ဒေသခံတို့၏ ပြောကြားချက်အရ သိရသည်။

“တူးထားတဲ့နေရာတွေက ကန်လို ဖြစ်သွားပြီ။ ရေပြင်ကျယ်ကြီး ဖြစ်သွားပြီ။ ရေတိမ်တယ်ထင်ရပေမယ့် တကယ်တမ်း ရေပြင်အောက်က တူးဆွထားတဲ့နေရာတွေမှာ တွင်း၊ ဂူ၊ ချိုင့်လိုဖြစ်နေပြီးတော့ ဝါးတစ်ပြန် နှစ်ပြန်ကျော်လောက် နက်တဲ့နေရာနက် အဲလိုဖြစ်နေတယ်။ တူးပြီး ပြန်မဖို့ခဲ့တော့ ဒီအတိုင်း ကျန်နေတာပေါ့” ဟု ဝဲကဝါကျေးရွာခံတစ်ဦးက ပြော သည်။

အဆိုပါ ဂျပန်စစ်ကျန်ပစ္စည်း တူးဖော်မှုနှင့်ပတ်သက်ပြီး မည်သည့်ခွင့်ပြုချက်ဖြင့် မည်သူကတာဝန်ယူ လုပ်ဆောင်နေသည်ဆိုသည်ကအစ တစ်စုံတစ်ရာ ပွင့်လင်းမြင်သာမှုမရှိသည့်အပြင် စနစ်တကျ လုပ်ဆောင်ထားခြင်းလည်းမရှိကြောင်း ဒေသခံဦးထွန်းမြင့်ကျော်က ပြောသည်။

မိန်ဘလောတောင် ဂျပန်စစ်ကျန်ပစ္စည်းများ တူးဖော်မှုနှင့်ပတ်သက်ပြီး ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ဥက္ကဋ္ဌအဖြစ် “ဂျပန်ခေတ်စစ်လက်ကျန် ပစ္စည်းများ ရှာဖွေဖော်ထုတ်ရေးနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီ” တစ်ရပ်ဖွဲ့စည်းပြီး ဆောင်ရွက်နေသည်ဟု ပြည်နယ်အစိုးရက လွှတ်တော်တွင် ပြောခဲ့သည်။

ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တို့ ဆုတ်ခွာသွားချိန် ၎င်းတို့၏ စစ်အသုံးအဆောင်ပစ္စည်းများ၊ ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြား မြောက်မြားစွာကို ထိုမိန်ဘလာတောင်တွင် မြှုပ်နှံထားခဲ့ကြောင်းကို ပြောဆိုနေကြသော်လည်း ပစ္စည်းတကယ်ရှိ မရှိ၊ ပစ္စည်းများ တည်ရှိရာနေရာ အစရှိသည့် အချက်အလက်အတိအကျကို မည်သူမျှမသိရှိကြောင်း ဒေသခံတို့က ပြောသည်။