ထားဝယ်တွင် လျှပ်စစ်မီတာခများ ပိုကျနေသည်

0
515

ထားဝယ်ခရိုင်အတွင်း လျှပ်စစ်မီတာခ ကျသင့်သည်ထက်ပိုနေသည်ဟု သံသယရှိပါက ကုမ္ပဏီထံ လာရောက်မေးမြန်းနိုင်ကြောင်း Petro & Trans ကုမ္ပဏီ၏ အထွေထွေမန်နေဂျာ ဦးတင်ထွန်းဦးက ပြောသည်။

မီတာယူနစ် ကျသင့်သည်ထက်ပိုနေသည်ဟု အကြောင်းကြားလာပါက ဖြစ်နိုင်ခြေများကို ပြန်လည်စစ်ဆေး ပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထားဝယ်ဒေသအတွင်းရှိ အိမ်သုံးမီတာအများစုတွင် မေလအတွင်းသုံးစွဲသည့် မီတာယူနစ်မှာ ယခင်လများထက် အဆပေါင်းများစွာပိုနေသည်ဟု မီးသုံးသူများအကြား ကျယ်ပြန့်စွာ ပြောဆို နေကြသည်။

“မီးသုံးသူအနေနဲ့ မိမိမီတာယူနစ် တက်တယ်လို့ သံသယရှိတယ်ဆိုရင် အချိန်မရွေးလာရောက်ဆက်သွယ်လို့ရပါတယ်” ဟု ဦးတင်ထွန်းဦးက ပြောသည်။

အိမ်တွင်တပ်ဆင်ထားသည့် မီတာပျက်ယွင်းနေသည်ဟု သံသယရှိက တပ်ဆင်ထားသည့် မီတာနှင့်အတူ စမ်းသပ်သည့်မီတာကို ၃ ရက်ခန့် တပ်ဆင်ထားမည်ဖြစ်ကြောင်း ဦးတင်ထွန်းဦးက ဆိုသည်။

မီတာလည်ပတ်မှု မှန်/ မမှန်စမ်းသပ်သည့် မီတာကို ယာယီတပ်ဆင်ပြီး စစ်ဆေးမည်ဖြစ်သည်။

စမ်းသပ်မီတာတွင် ကျသင့်ယူနစ်နည်းနေပြီး တပ်ထားသည့်မီတာတွင် ယူနစ်များနေပါက မီတာအသစ်လဲလှယ်ပေးမည်ဖြစ်ကာ မီတာအတွက်ကျသင့်ငွေကို အိမ်ရှင်ကကျခံရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထို့အပြင် စိစစ်ပြီးပါက လျှပ်စစ်ယူနစ်ကျသင့်ငွေကိုလည်း ပြန်လည်ညှိနှိုင်းပေးမည်ဖြစ်ကြောင်း ဦးတင်ထွန်းဦးက ဆိုသည်။

ထားဝယ်ဒေသတွင် လျှပ်စစ်ဌာနပိုင် မီတာနှင့် မီးလင်းရေးမီတာဟူ၍ မီတာအမျိုးအစား ၂ မျိုး တပ်ဆင်ထားကြသည်။

မီးလင်းရေးမီတာ မှားယွင်းနေပါက ကုမ္ပဏီမှ မီတာအသစ်လဲလှယ်ခွင့်ရှိပြီး လျှပ်စစ်ဌာနပိုင်မီတာဖြစ်ကဌာနထံ အကြောင်းကြားရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“မီးသုံးသူအနေနဲ့ သူ့မီတာယူနစ်ကို စိတ်ကျေနပ်မှုမရှိဘူးဆိုရင် အချိန်မရွေး ဆက်သွယ်လို့ရသလို လာရောက်ပြီးတော့လည်း နှစ်ဦးနှစ်ဘက် အဆင်ပြေအောင် ညှိနှိုင်းဆောင်ရွက်ပေးပါတယ်” ဟု ၎င်းက ပြောသည်။

ထားဝယ်ဒေသရှိ အိမ်သုံးမီတာယူနစ်မှာ ယခင်အချိန်ကထက် ပျမ်းမျှ ၂ ဆခန့် ပိုများနေကြောင်း ပြောဆိုနေကြသည်။

ယခင်က တစ်လလျှင် မီတာခ ၂ သောင်းဝန်းကျင်သာကျသင့်ပြီး မေလတွင်မူ လေးသောင်းဝန်းကျင်အထိ ကျသင့်နေကြောင်း ဆန်းချီရပ်ကွက်တွင် ဆိုင်ကယ်ပြင်ဆိုင်ဖွင့်ထားသည့် ဦးဗဟိန်းက ဆိုသည်။

၎င်းအိမ်တွင် သုံးစွဲနေသည့် လျှပ်စစ်ပစ္စည်းများမှာလည်း ယခင်လများအတိုင်းပင် ပုံမှန်သုံးစွဲနေခြင်းဖြစ်ပြီး မေလတွင်မှ မီတာခ နှစ်ဆခန့်တက်သွားသည်ကို ကြုံနေရသည်ဟု ပြောသည်။

“ကျွန်တော်တို့က ချမ်းသာတဲ့သူ တွေမှမဟုတ်တာကိုး။ ကိုယ်ရမယ့်ပိုက်ဆံတွေက မီတာခကို ပေးလိုက်ရသလိုဖြစ် နေတယ်။ ပြီးရင် အခုတစ်လတည်း ဖြစ်မှာမဟုတ်ဘူး။ နောက်ထပ်ပိုပိုပြီး တိုးလာဖို့ပဲရှိတယ်” ဟု ကိုဗဟိန်းက ဆိုသည်။

ထားဝယ်မြို့ရှိ မြို့မယဉ်ငေးရိပ်သာတွင်လည်း မေလအတွက် လျှပ်စစ် မီတာခ ၁၂ သိန်းကျော်အထိကျသင့်ကြောင်း တာဝန်ရှိသံဃာတော်တစ်ပါးက မိန့်ကြားသည်။

ယခင်က တစ်လလျှင် မီတာခ ၄ သိန်းဝန်းကျင်သာ ကျသင့်ခဲ့သည်ဟု ဆိုသည်။

ထိုသို့ သုံးစွဲယူနစ်များနေသည့်အတွက် ကိုယ်ပိုင်ဒီဇယ်မီးစက်ဖြင့်သာ သုံးစွဲနေတော့သည်ဟု ၎င်းက မိန့်သည်။

ယင်းသို့ယူနစ်များနေခြင်းမှာ မီတာလာဖတ်ချိန်တွင် မီတာဖတ်ဝန်ထမ်းက ဒသမအနောက်မှ ကိန်းဂဏန်းကိုပါ ထည့်သွင်းရေးမှတ်ထားသည့်အတွက် ပိုမိုကျသင့်နေသည်ထင်ကြောင်း အထက်ပါသံဃာတော်က မိန့်သည်။

“အစိုးရအနေနဲ့ အဲ့ဒါကို သူတို့ မီတာတွက်တဲ့လူ မှားယွင်းတယ်ဆိုရင် သေချာမယ်ဆိုရင် ပြန်ကိုလျော်ခိုင်း ချင်သေးတယ်” ဟု ၎င်းက မိန့်သည်။

ထိုကဲ့သို့ ပြဿနာများမဖြစ်စေရန် လာမည့်လမှစကာ ကုမ္ပဏီဝန်ထမ်းက မီတာလာဖတ်ချိန်တွင် မီတာတွင်ဖော်ပြနေသည့် ယူနစ်နှင့် မှတ်သားသည့် ယူနစ်ကိုစစ်ဆေးပြီး အိမ်ရှင်မှ မှန်ကန်ကြောင်း လက်မှတ်ထိုးစေသည့်စနစ်ကို ကျင့်သုံးမည်ဖြစ်ကြောင်း Petro & Trans ကုမ္ပဏီ၏ အထွေထွေမန်နေဂျာ ဦးတင်ထွန်းဦးက ဆိုသည်။

ထားဝယ်မြို့ရှိမီတာများနည်းတူ လောင်းလုံးမြို့နယ်နှင့်သရက်ချောင်းမြို့နယ်တို့တွင်လည်းယခင်လများထက် မီတာခပိုများနေကြောင်း ဒေသခံများကငြီးတွားကြသည်။
လျှပ်စစ်ကျွမ်းကျင်သူတစ်ဦးဖြစ်သည့် ဒေါက်တာဝင်းထိန်ကမူ မီတာယူနစ် ပိုတက်ရသည့် အကြောင်းရင်း ၃ ခုရှိနိုင်သည်ဟု ဆိုသည်။

မီတာဖတ်ရက် နောက်ကျခြင်း (ဥပမာ ရက် ၃၀ သုံးစွဲမှုအတွက် မီတာဖတ်ရမည့် အစား ရက် ၄၀ သို့မဟုတ် ၄၅ ရက် အတွက် ပေါင်းဖတ်မိခြင်း)၊ ဗို့အားအပြည့် ဓာတ်အားလွှတ်ခြင်း (ယခင်က ၂၀ဝ ဗို့အားသာ သုံးနေရာမှ ၂၂၀ ဗို့ သုံးစွဲရခြင်း) နှင့် ရာသီဥတုပူသည့် အတွက် အဲယားကွန်း၊ ပန်ကာပိုသုံးမိခြင်းစသည့် အကြောင်းများကြောင့် ဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ်သည်။

ယင်းအကြောင်းအချက်များအနက် မီတာဖတ်ရက်နောက်ကျခြင်းကြောင့် ဖြစ်နိုင်ခြေပိုများကြောင်း ဒေါက်တာဝင်းထိန်က ပြောသည်။

တိုင်းအစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရကမူ မီတာယူနစ်ကျသင့်နေသည်ဟုထင်မြင်ပါက ပြန်လည်စိစစ်ပေးရန်သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်ရုံးများသို့ သွားရောက် ပြောဆိုနိုင်သည်ဟု ဆိုသည်။

ထားဝယ်ဒေသရှိ အိမ်အများစုတွင် မီတာကျသင့်ယူနစ်များနေခြင်းဖြစ်ပြီး လက်ရှိတွင် ပြောဆိုဝေဖန်မှုများ၊ အငြင်းပွားမှုများ ဖြစ်ပွားလျက်ရှိသည်။