ဘော်ဒါနှင့် ပြင်ပကျူရှင်များအား ဖွင့်လှစ်ခွင့်ပြုသင့်ကြောင်း ထားဝယ်ခရိုင် ပုဂ္ဂလိက ပညာရေးမိသားစု(ယာယီ) ထုတ်ပြန်

0
729

ထားဝယ်ခရိုင်အတွင်းရှိ တရားဝင်မှတ်ပုံတင်ထားသော ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်း(ဘော်ဒါ) များနှင့် ပြင်ပကျူရှင်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန စည်းကမ်းများနှင့်အညီ ဖွင့်လှစ်သင်ကြားခွင့်ပြုသင့်ကြောင်း ထားဝယ်ခရိုင် ပုဂ္ဂလိက ပညာရေးမိသားစု(ယာယီ)က ဇွန်လ ၁၇ ရက်တွင် ထုတ်ပြန်သည်။

အခြေခံပညာအတန်းအချို့နှင့် ကိုယ်ပိုင်အထက်တန်းအချို့ကို ဇူလိုင်လ ၂၁ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ပြီး ဘော်ဒါနှင့် ပြင်ပကျူရှင်များမပါဝင်ကြောင်း ပညာရေးဝန်ကြီးဌာန အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောဆိုထားကြောင်း တိုင်းပညာရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။

ထားဝယ်ခရိုင်အတွင်းတွင်လည်း တရားဝင်ခွင့်ပြုချက်မရှိသော ကျူရှင်များ၊ စာသင်ဝိုင်းများ ဖွင့်လှစ်နေကြသည့်အချိန်တွင် တရားဝင်မှတ်ပုံတင်ထားသော ဘော်ဒါနှင့် ပြင်ပကျူရှင်များကိုလည်း စည်းကမ်းချက်သတ်မှတ်ကာ ဖွင့်လှစ်ခွင့်ပြုသင့်ကြောင်း ယင်းမိသားစု အဖွဲ့ဝင် ပညာကမ္ဘာဘော်ဒါဆောင်ပိုင်ရှင် ဦးသန်းဇော်ဦးက ပြောသည်။

တနင်္သာရီတိုင်းရှိ ကိုယ်ပိုင်ကျောင်း ငါးကျောင်းကို ပညာရေးဝန်ကြီးဌာနက ဖွင့်ခွင့်ပြုထားပြီး ဖြစ်သည်။

လက်ရှိတွင် မူလတန်းမှ နဝမတန်းအထိ အောင်စာရင်းများ ထုတ်ပြန်ထားပြီးဖြစ်သောကြောင့် ဘော်ဒါဆောင်နေမည့် ကျောင်းသားများ ကျောင်းအပ်လက်ခံရေး ကိစ္စများ ဆောင်ရွက်နိုင်ရန် စည်းကမ်းချက်များနှင့်အညီ ဘော်ဒါဆောင်များကို ဖွင့်ခွင့်ပြုသင့်နေပြီဖြစ်ကြောင်း ဦးသန်းဇော်ဦး က ပြောသည်။

“နယ်ကျောင်းသားတွေနဲ့ သာမန်မိသားစုက ကျောင်းသားတွေကျတော့လည်း ကျုူရှင်လည်း မတက်ရဘူး။ အိမ်မှာလည်း စာမလေ့လာရဘဲနဲ့ ဖြစ်နေတယ်ဆိုတော့ သူတို့အတွက်ဆိုရင် အခွင့်အရေးဆုံးရှုံးနေတာပေါ့” ဟု ဦးသန်းဇော်ဦးက ပြောသည်။

မန္ထလေးတိုင်း မလှိုင်မြို့နယ်တွင်မူ ပုဂ္ဂလိကကျောင်း၊ ပြင်ပကျူရှင်ပိုင်ရှင်များနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျန်းမာရေးဝန်ထမ်းများ၊ လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးကာ ဘော်ဒါနှင့် ပြင်ပကျူရှင်များကို ဖွင့်ခွင့်ပြုခဲ့ကြောင်း ဦးသန်းဇော်ဦးက ပြောသည်။

တနင်္သာရီတိုင်းတွင်လည်း ယင်းကဲ့သို့ လုပ်ဆောင်သင့်ကြောင်း ဦးသန်းဇော်ဦးက ဆိုသည်။

ဘော်ဒါဆောင်များပြန်ဖွင့်ရေးကိစ္စကို ပညာရေးဝန်ကြီးဌာနမှလည်း ခွင့်မပြုသလို၊ တိုင်းပညာရေးမှူးရုံးအနေဖြင့်လည်း ကြီးကြပ်ခွင့်မရှိသော ကိစ္စဖြစ်နေသဖြင့် ဘော်ဒါဆောင်များ ပြန်ဖွင့်မည့်ကိစ္စအပေါ် တစ်စုံတစ်ရာ မှတ်ချက်မပေးလိုသေးကြောင်း တိုင်းပညာရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။

ကိုယ်ပိုင်ကျောင်းများကိုမူ တိုင်းပညာရေးမှူးရုံးက ကြီးကြပ်နိုင်ပြီး စည်းကမ်းဖောက်ဖျက်ပါကလည်း အရေးယူနိုင်သည့်အနေအထားရှိကြောင်း ဒေါ်မြင့်စိန်ကပြောသည်။

လက်ရှိအနေအထားအရ ဘော်ဒါဆောင်များ ဖွင့်ခွင့်မရသေးသဖြင့် အိမ်ငှားခ၊ ဝန်ထမ်းစရိတ်များရှိနေသဖြင့် အခက်အခဲဖြင့် ရင်ဆိုင်နေကြရကြောင်း ဦးသန်းဇော်ဦးက ပြောသည်။

ထားဝယ်ခရိုင်တွင် တရားဝင်မှတ်ပုံတင်ထားသော ဘော်ဒါဆောင်နှင့် ပြင်ပကျူရှင် အနည်းဆုံး ၆၀ ခန့်ရှိကြောင်း ထားဝယ်ခရိုင် ပုဂ္ဂလိကပညာရေးမိသားစု (ယာယီ)ထံမှ သိရသည်။

ကျော်သူစိုး