ကျွန်းစုတွင် ဘုရားဆင်းတုတော်များကို အိပ်မက်အရ တွေ့ရှိခြင်းမဟုတ်ဟု ကာယကံရှင် မိသားစုဆို

0
545

ကျွန်းစုမြို့နယ် ကျွဲခရံကျေးရွာအုပ်စု ကမာချောင်းကျေးရွာတွင် ဇွန်လ ၅ ရက်က အသက် ၆ နှစ်ရှိ ကလေးငယ်၏အိပ်မက်အရ ဘုရားဆင်းတုတော်များ တွေ့ရှိသည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း ကာယကံရှင်မိသားစုထံမှ သိရသည်။

အဆိုပါ ကလေးငယ်၏အိပ်မက်အရ သွားရောက်ကြည့်ရှုရာ ဘုရားဆင်းတုတော်များ ‌တွေ့ရှိသည်ဟု ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နာတွင် ဇွန်လ ၆ ရက်က မျိုးဆက်ပိုင်အကောင့်နာမည်ဖြင့် ရေးသားခဲ့သည်။

အဆိုပါရေးသားချက်အရ အနီးအနားရှိကျေးရွာများတွင် နေထိုင်သူများက ဆင်းတုတော်များအား လာရောက်ဖူးမြော်လျက်ရှိရာ နေ့စဉ်ဘုရားဖူးသူဦးရေ တစ်ရာဦးဝန်းကျင်ခန့်ရှိနေကြောင်း ကလေးငယ်၏မိခင်ဖြစ်သူ ဒေါ်မီးကင်းက ပြောပြသည်။

“အိပ်မက်ရတာ မဟုတ်ဘူး။ ကြိမ်သီး သွားကောက်စားရင်း တွေ့တာ” ဟု ဒေါ်မီးကင်းက ပြောသည်။

ညီနှမသုံးဦးမှာ ကြိမ်သီးများသွားကောက်စားရာ နေအိမ်၏လမ်းတစ်ဖက်တောင်ပေါ်ရှိ ညောင်ပင်ကပ်ပေါက်ရောက်နေသည့် ပိန္နဲပင်အောက်တွင် လျောင်းတော်မှုဆင်းတုတော် ၁၄ ဆူ တွေ့ရှိသဖြင့် အိမ်သို့ယူဆောင်လာပြီး ပူဇော်ထားခြင်းဖြစ်ကြောင်း ဒေါ်မီးကင်းက ပြောပြသည်။

နေအိမ်တွင်ပူဇော်ထားသည့် ဆင်းထုတော်များမှာ လျောင်းတော်မှုဟန် အပေါ့စားကျောက်သားဖြင့် ထုလုပ်ထားသည့် အခေါင်းပွဆင်းတု ဖြစ်သည်။

အလျား သုံးလက်မ၊ ဉာဏ်တော်အမြင့် တစ်လက်မခွဲခန့်ရှိ ဆင်းထုတော် ၁၂ ဆူနှင့် အလျားလေးလက်မကျော် ဉာဏ်တော် နှစ်လက်မကျော်ရှိ ဆင်းတုတော် ၂ ဆူ စုစုပေါင်း ၁၄ ဆူရှိပြီး ဆင်းတုများကိုရွှေချထားကြောင်း သိရသည်။

“ဆင်းတုတော် အနေအထားက ဒီဘက်ခေတ်လက်ရာလို ဖြစ်နေတယ်။ ရှေးဟောင်းပုံ မဖြစ်နိုင်ဘူး” ဟု တနင်္သာရီမြို့နယ် စာပေနှင့် ယဉ်ကျေးမှု အ‌မွေအနှစ်ထိန်းသိမ်းမြှင့်တင်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းစိုးဝင်းက မှတ်ချက်ပြုသည်။

ဘုရားဆင်းထုတော်များအား နေအိမ်တွင်အပူဇော်ခံခဲ့ပြီး ရရှိသည့်အလှူငွေများဖြင့် ဇွန်လ ၁၁ ရက်နေ့က သံဃာတော်များပင့်ဆောင်ပြီး ဆွမ်းကျွေးတရားနာပွဲ ပြုလုပ်ခဲ့ကြောင်း ကာယကံရှင်မိသားစုက ပြောပြသည်။

ယင်းနောက် ဆင်းထုတော်များအား မှန်ဘောင်ဖြင့်ထည့်သွင်းကာ ဆင်းထုတော်များတွေ့ရှိခဲ့သည့် သစ်ပင်အောက်တွင် ပြန်လည်ထားရှိပေးခဲ့ကြောင်း ဒေါ်မီးကင်းက ပြောပြသည်။

မြင့်မိုရ်(မြိတ်)