မရပ်နိုင်သေးသည့် ကိုဗစ်ထိန်းချုပ်ရေး မာရသွန်ခရီး

0
494

ကိုဗစ်ကပ်ရောဂါ မြန်မာနိုင်ငံကို စတင်ဝင်ရောက်လာကတည်းက တိုင်း အတွင်းရှိ စေတနာ့ဝန်ထမ်းများသည် တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့ လိုက်သော်လည်းကောင်း ကိုဗစ်ထိန်းချုပ်ရေးလုပ်ငန်းများကို အစိုးရနှင့် ပူးပေါင်းက ရှေ့တန်းမှ တက်တကြွ်ကြွက ပါဝင်ဆောင်ရွက်လျက်ရှိကြသည်။

ကိုရိုနာဗိုင်းရပ်စ်ကို ကမ္ဘာ့ကူးစက် မြန်ကပ်ရောဂါအဖြစ် ကြေညာခဲ့သည်မှာ သုံးလကြာမြင့်ခဲ့ပြီဖြစ်သည်။

ယင်းအချိန်တွင် အစိုးရက ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် တင်းကျပ်ထား သော စည်းကမ်းချက်အချို့ကို ဖြေလျော့ လိုက်ခြင်းနှင့်အတူ ထားဝယ်မြို့ရှိ ပရဟိတအဖွဲ့အချို့သည်လည်း ကိုဗစ် ထိန်းချုပ်ရေးလုပ်ငန်းတွင် အရှိန်လျှော့ လာပြီဖြစ်သည်။

ဇမ္ဗူသီရိအဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ ကဲ့သို့သော ကိုဗစ်ထိန်းချုပ်ရေးလုပ်ငန်း တွင် ရှေ့တန်းမှ ပါဝင်နေသူတို့သည် မေလကုန်ပါက ၎င်းတို့ လုပ်ဆောင်နေ သော လုပ်ငန်းများကို ရပ်နားခြင်း၊ အရှိန်လျှော့လုပ်ဆောင်ခြင်းတို့ကို လုပ် ဆောင်တော့မည်ဖြစ်ကြောင်း ပြောဆို လာကြသည်။

ဇမ္ဗူသိရီအဖွဲ့သည် လေယာဉ် ကွင်း၊ မလွှဲတောင်စစ်ဆေးရေဂိတ်၊ မေတ္တာစစ်ဆေးရေးဂိတ်တို့တွင် ကျန်းမာ ရေးစစ်ဆေးပေးနေသော ၎င်းတို့အဖွဲ့မှ စေတနာ့ဝန်ထမ်းများကို မေလကုန် ကတည်းက ပြန်ခေါ်လိုက်ပြီဖြစ်ကြောင်း ယင်းအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်က ပြောသည်။

ဇမ္ဗူသိရီအဖွဲ့နှင့် ပူးပေါင်းလုပ် ဆောင်နေကြသော ထားဝယ်ခရိုင်ရှိ လူနာတင်ယာဉ်အဖွဲ့များမှာမူ အခြေ အနေအရ ကူပေးနေရဆဲ ဖြစ်သည်။

“အဓိကအကြောင်းရင်းကတော့ ကျွန်တော်တို့တိုင်းမှာ လက်ရှိ ရောဂါ အခြေအနေကလည်း တတ်နိုင်သလောက် ထိန်းချုပ်ထားတာ အဆင်ပြေနေပြီလေ။ အစိုးရဘက်က ဖြေလျော့မှုတွေကလည်း ရှိလာနေပြီဖြစ်လို့ ကျွန်တော်တို့ဘက် ခြမ်းကနေ ပြန်ဆုတ်လိုက်တဲ့ သဘော ပေါ့”ဟု ဦးနိုင်မျိုးသွင်က ပြောသည်။

ထားဝယ်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ သည်လည်း မေလကုန်ကတည်းက အသိပညာပေးလုပ်ငန်းများကို အရှိန် လျှော့လိုက်ပြီ ဖြစ်သည်။

“ကျွန်တော်တို့လည်း နောက်ပိုင်း ဆိုရင် အသိပညာပေးတာတွေကို တစ် ရက်ခြား၊ တစ်ရက်ခြားပဲလုပ်တော့မယ်” ဟု ထားဝယ်မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့မှူး ဦးကိုကိုနိုင်က ပြောသည်။

ယင်းအဖွဲ့နှစ်ဖွဲ့ ကိုဗစ်ထိန်းချုပ် ရေးမှ အရှိန်လျော့လာခြင်း အဓိက အကြောင်းအရင်းမှာ အစိုးရက တင်း ကျပ်ထားသော စည်းကမ်းအချို့ကို ဖြေ လျော့လိုက်ခြင်းကြောင့်ဖြစ်သော်လည်း ကျေးရွာတစ်ခုက စေတနာ့ဝန်ထမ်းများကမူ အုပ်ချုပ်ရေး အဖွဲ့နှင့် ဆက်ဆံရေး မပြေလည်မှုကြောင့် ကိုဗစ်ထိန်းချုပ်ရေး လုပ်ငန်းမှ ဆုတ်ခွာသွားကြသည်။

လောင်းလုံးမြို့နယ် ဝေဒီကျေးရွာရှိ စေတနာ့ဝန်ထမ်း ၄၅ ဦးစလုံးသည် စောင့်ကြည့်ရေးစခန်းကို တာဝန်မယူနိုင် တော့ဟုဆိုကာ တာဝန်ယူပြီး နှစ်လတိတိ အကြာ မေလ ၂၆ ရက်တွင် အားလုံး တပ်ခေါက်သွားကြခြင်း ဖြစ်သည်။

“အုပ်ချုပ်ရေးအဖွဲ့ဘက်ခြမ်းကနေ ပြီးတော့ ကျွန်တော်တို့ကို အပြစ်မြင် လာတဲ့ပုံစံမျိုးရှိလာတဲ့ အခါကျတော့ ကျွန်တော်တို့ကလည်း စေတနာ့ဝန်ထမ်း တွေသက်သက်ဖြစ်တဲ့အတွက်ကြောင့် ဒီအလုပ်အပေါ်မှာ တာရှည် မလုပ်နိုင် တော့ဘူး။ အဲဒါကြောင့် ကျွန်တော်တို့ ဘက်ကပဲ ရပ်နားတော့မယ် ဆိုပြီး တစ်ဖွဲ့လုံးနားလိုက်တာ”ဟု စောင့်ကြည့် ရေးစခန်း တာဝန်ခံ ကိုနိုင်သူရက ပြော သည်။

ဘောလုံးကွင်း၊ ကွင်းပြင်များအား ဈေးအဖြစ် ပြောင်းဖွင့်ထားသော ကျေးရွာ အချို့သည်လည်း ယခင်ဈေးဟောင်း နေရာသို့ ပြောင်းရွှေ့ဖွင့်လှစ်နေကြပြီ ဖြစ်သည်။

ကျေးရွာအသီးသီးရှိ စာသင်ကျောင်း များတွင် ဖွင့်လှစ်ထားသော စောင့်ကြည့်ရေးစခန်းအချို့ တွင်လည်း လျှပ်စစ် မီတာခ ကုန်ကျစရိတ်ကို တောင့်မခံနိုင် သည့် အနေအထားဖြစ်နေကြောင်း ကိုဗစ် ၁၉ ထိန်းချုပ်ကာကွယ်ရေး လူထု အခြေပြု အထောက်အကူအဖွဲ့ (ထားဝယ်ဒေသ) စောင့်ကြည့်ရေးစခန်း တာဝန်ခံ မယုလဲ့ရည်က ပြောသည်။

သို့သော် ကျေးရွာ စောင့်ကြည့်ရေး စခန်းအများစုရှိ စေတနာ့ဝန်ထမ်းများမှာ ကိုဗစ်ထိန်းချုပ်ရေးအတွက် အင်တိုက်၊ အားတိုက် လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း ၎င်းကပြောသည်။

ကိုဗစ်၁၉ ထိန်းချုပ်ကာကွယ်ရေး လူထုအခြေပြု အထောက်အကူအဖွဲ့ (ထားဝယ်ဒေသ) နှင့် ချိတ်ဆက်ထား သည့် ကျေးရွာစောင့်ကြည့်ရေးစခန်း ၉၀ ကျော် ရှိသည့်အနက် ထက်ဝက်ခန့်တွင် အသွားအလာကန့်သတ်ထားသူများ မရှိတော့ကြောင်း ၎င်းကပြောသည်။

ကျေးရွာ အသီးသီးရှိ စာသင် ကျောင်းများတွင် ဖွင့်လှစ်ထားသော စောင့်ကြည့်ရေးစခန်းများ မှာလည်း ဇွန်လ ၁၅ ရက်နေ့တွင် ပညာရေးဌာနသို့ ပြန်အပ်ရတော့မည် ဖြစ်သည်။

ယင်းအခြေအနေတွင် နွေရာသီ ကျောင်းပိတ်ရက်အတွင်း ထိုင်းနိုင်ငံရှိ မိဘများထံ အလည်အပတ်လိုက်သွား ကြသော ကျောင်းသားများမှာ ကျောင်း ဖွင့်ရာသီအမီ နေရပ်ဒေသ အသီးသီးသို့ ပြန်လာကြတော့မည် ဖြစ်သည်။

ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးကမူ နိုင်ငံခြားမှ ပြန်လာ မည့်သူများကို ထားဝယ်ပညာရေးကော လိပ်၊ ကွန်ပျူတာတက္ကသိုလ်(ထားဝယ်)ရှိ အဆောင်များတွင် အသွားအလာကန့် သတ်မည်ဖြစ်ကြောင်း ပြောသည်။

“ရွာဘက်မှာ ထားဖို့နေရာမရှိဘူး ဆိုရင် ဒီမှာ (တက္ကသိုလ်၊ ကောလိပ်တွေမှာ) စုပြီးတော့ ထားရမှာပေါ့”ဟု ဦးအောင်စိုးမိုးက ဆိုသည်။

ကျေးရွာများရှိ စောင့်ကြည့်ရေး စခန်းအတွက် ကုန်ကျစရိတ်ကို ရပ်ရွာ အစီအစဉ်ဖြင့်သာ အဓိကသုံးစွဲနေကြ ရသဖြင့် ရေရှည်ရပ်တည်ရေးမှာလည်း အခက်အခဲနှင့်ရင်ဆိုင်နေကြရ ကြောင်း မယုလဲ့ရည်က ပြောသည်။

အခြားသော ပရဟိတ စေတနာ့ ဝန်ထမ်းအဖွဲ့အချို့သည်လည်း ကိုဗစ်ထိန်းချုပ်ရေးလုပ်ငန်းများကို ကိုယ်ထူ ကိုယ်ထ လုပ်ကိုင်နေကြရသဖြင့် ရေရှည် တွင် ရန်ပုံငွေအင်အား၊ လူအင်အား စသည့် အခက်အခဲများရှိလာခဲ့သည်။

ထားဝယ်မြို့ရှိ ကိုဗစ်ထိန်းချုပ် ရေးပါဝင်ဆောင်ရွက်နေသော အဖွဲ့ တစ်ခုသည် ရေရှည် ကိုဗစ်ထိန်းချုပ်ရေး ကိစ္စနှင့်ပတ်သက်ပြီး တွေ့ကြုံနေရသည့် အခက်အခဲများကို တိုင်း အစိုးရအဖွဲ့ထံ သွားရောက်တင်ပြခဲ့ သည်။

လစ်ဟာသွားသော ပရဟိတစေတနာ့ဝန်ထမ်းများနေရာအချို့ကို တိုင်း အစိုးရဘက်က ဖြည့်ဆည်းဆောင်ရွက် မည့် အနေအထားရှိကြောင်း ပရဟိတ အဖွဲ့ဝင်အချို့က ပြောသည်။

တိုင်းအစိုးရအနေဖြင့်မူ ပြည် ထောင်စုအစိုးရ၏ လမ်းညွှန်ချက်အတိုင်း မဖြစ်မနေ ဖြေလျော့လုပ်ဆောင်ရမည့် အချက်များကိုသာ ဖြေလျော့လုပ်ဆောင် ခြင်းဖြစ်ပြီး ကိုဗစ်ထိန်းချုပ်ရေးကိုမူ ဆက်လက် ဆောင်ရွက်နေမည်ဖြစ် ကြောင်း တိုင်းအစိုးရအဖွဲ့ပြောရေးဆို ခွင့်ရှိသူ ဝန်ကြီး ဦးကျော်မင်းက ပြော သည်။

“အစိုးရအနေနဲ့ကတော့ ကိုဗစ် ထိန်းချုပ်ရေးကိစ္စကတော့ ပုံမှန်အတိုင်းပဲ လုပ်ဆောင်နေပါတယ်”ဟု ဝန်ကြီး ဦးကျော်မင်းက ပြောသည်။

တနင်္သာရီတိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုင်းဦးစီးမှူးဒေါက်တာထွန်းမင်းကလည်း ကိုဗစ်ထိန်းချုပ်ရေး လုပ်ငန်းသည် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း ပြောဆို သည်။

ယင်းအတွက်ကြောင့် အစိုးရ၊ စေတနာ့ဝန်ထမ်း ပရဟိတအဖွဲ့များသည် ကိုဗစ်ထိန်းချုပ်ရေးလုပ်ငန်းကို ရေရှည် တည်တံ့နေရန် လုပ်ဆောင်နိုင်မည့်နည်း လမ်းတစ်ခုကို စဉ်းစားပြီး ချင့်ချိန်ဆောင် ရွက်ရမည်ဖြစ်ကြောင်း ဒေါက်တာ ထွန်းမင်းက ပြောသည်။

“ပြည်သူလူထုဘက်ကရော၊ ပရဟိတ အဖွဲ့အစည်းတွေကရော၊ ဌာနဆိုင်ရာ တွေကရော သူ့ရဲ့(ကိုဗစ်)သဘောတရား ကို နားလည်ဖို့လိုတယ်။ ဒီရောဂါထိန်း ချုပ်တဲ့လုပ်ငန်းက ရေရှည်လုပ်ရမယ့် ကိစ္စ။ ဘယ်လောက်အထိ ရေရှည် မယ်ဆိုတာ ဘယ်သူ့မှ မပြောနိုင်ဘူး။ ကိုယ့်ဘက်က ကူးစက်မှုတို့၊ သေဆုံး မှုတို့ အတတ်နိုင်ဆုံးလျော့နည်းအောင်၊ လူမှုစီးပွားရေးကိစ္စတွေမှာလည်း ထိခိုက် မှုနည်းအောင် ဒီနှစ်ခုထဲက မျှခြေတစ်ခုကို ထိန်းညှိပြီးတော့ လျှောက်လှမ်းတတ်ဖို့ပဲ လိုတယ်”၎င်းက ပြောသည်။

စေတနာ့ဝန်ထမ်း ပရဟိတအဖွဲ့ များသည်လည်း အစိုးရ၏ ကိုဗစ်ထိန်း ချုပ်ရေးဖြေလျော့လာမှုအခြေအနေ၊ ပြည်တွင်းကူးစက်မှုအခြေအနေအရသာ ၎င်းတို့လုပ်ငန်းအချို့ကို ရပ်နားထားခြင်း ဖြစ်ပြီး လိုအပ်လာပါက ပြည်လည်ပူး ပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ပြောဆိုကြသည်။

“ကျွန်တော်တို့လည်း လိုအပ်လာ ရင်တော့ ပြန်ပြီးတော့ ဒီလုပ်ငန်းတွေမှာ ပြန်ပြီး ပူးပေါင်းပါဝင်ဖို့ ရှိပါတယ်။ အခုလောလောဆယ်ကတော့ အခြေအနေ အရ မိခင်လုပ်ငန်းတွေကိုပဲ ပြန်လုပ်မယ် လို့ ဆုံးဖြတ်လိုက်တာပေါ့နော်”ဟု ဇမ္ဗူသီရိအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်က ပြောသည်။

မြန်မာနိုင်ငံတွင် ဇွန်လ ၆ ရက် အထိ ပိုးတွေ့လူနာ ၂၄၀ ဦးရှိနေပြီး ပြန်လည်သက်သာလာသူ ၁၄၈ ဦး ရှိနေ သည်။

တနင်္သာရီတိုင်းဒေသကြီးမှ တစ်ဦး တည်းသော ကိုဗစ်ရောဂါပိုးတွေ့လူနာ သည်လည်း နှစ်ကြိမ်စစ်ဆေးရာ ပိုးမတွေ့တော့ပေ။ စောင့်ကြည့်ရေး စခန်းတွင် နေထိုင်နေရသော လူနာ မိသားစုမှာလည်း ဒုတိယအကြိမ် ဓာတ် ခွဲစစ်ဆေးထားပြီး တနင်္လာနေ့တွင် စခန်းမှ အိမ်ပြန်ရတော့မည်ဖြစ်သည်။

ယင်းအပြင် မြန်မာနိုင်ငံတွင် လတ်တလော ပိုးတွေ့လူနာများသည် နိုင်ငံခြားမှ ပြန်ရောက်လာသူများဖြစ် ကြပြီး ပြည်တွင်းကူးစက်မှု မရှိသလောက် နည်းပါးသည်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်အချက် အရ သိရသည်။

တနင်္သာရီတိုင်းကိုလည်း ထိုင်း နိုင်ငံမှ ဝင်ရောက်လာမည့် တိုင်းတွင်း သားများက ရှိနေဆဲဖြစ်သည်။

ယင်းအခြေအနေကြောင့် တနင်္သာ ရီတိုင်း ပြည့်သူ့ကျန်းမာရေး ဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာထွန်းမင်းက တနင်္သာရီတိုင်း ကိုဗစ်ထိန်းချုပ်ရေးလုပ် ငန်းနှင့် ပတ်သက်ပြီး အောက်ပါအတိုင်း ဆိုသည်။

“လောလောဆယ်မှာတော့ (ကိုဗစ် ထိန်းချုပ်ရေး) လုပ်ငန်းတွေကို ရပ်ပစ် လိုက်လို့တော့မရဘူး။ ရေရှည်ဘယ်လို သွားရမလဲ ဆိုတာပဲ စဉ်းစားရမယ်။ ရပ်ပစ်လိုက်လို့ကတော့ အားနည်းချက် တွေဖြစ်သွားမှာပေါ့” ဟု ဒေါက်တာ ထွန်းမင်းက ပြောသည်။

ကျော်သူစိုး