ကျူ ဝင်နေသူများကို အကဖြင့် ဖျော်ဖြေမည်

0
574

ထားဝယ်မြို့ပေါ်တွင် ၂၁ ရက် အသွားအလာကန့်သတ်စောင့်ကြည့် စခန်းဝင်နေသူများကို မြူးကြွသည့် တေးသီချင်းဖြင့်သီဆိုကာ ကိုယ်လက်လှုပ်ရှား အားကစားတစ်မျိုးဖြစ်သော Physical Fitness Dance ဖြင့် လိုက်လံဖျော်ဖြေမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းအားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရသည်။


ယင်းအစီအစဉ်ကို ထားဝယ်မြို့ပေါ်ရှိ အသွားအလာကန့်သတ်စောင့်ကြည့်နေရာများတွင် တစ်လတာ အလှည့်ကျစနစ်ဖြင့် လိုက်လံဖျော်ဖြေမည်ဖြစ်ကြောင်း အထက်ပါဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်မြင့်က ပြောသည်။


“ဒီအထဲမှာ ၂၁ ရက်လုံး နေနေတဲ့သူတွေဆိုတော့ သူတို့ရဲ့ စိတ်ပျော်ရွင်မှုအတွက် ကိုယ်လက်လှုပ်ရှားမှုဖြစ်အောင်ဆိုပြီးတော့ လိုက်လုပ်ပေးတာ။ စိတ်လက်ပျော်ရွှင်ပြီး ခန္ဓာကိုယ် လန်းလန်းဆန်းဆန်းဖြစ်အောင် လုပ်ပေးတဲ့သဘောပေါ့” ဟု ဦးမောင်မောင်မြင့်က ပြောသည်။


မေလ ၁၃ ရက်က ထားဝယ်တက္ကသိုလ်တွင် အသွားအလာကန့်သတ်ထားသူများကို ဖျော်ဖြေခဲ့ပြီး မေလ ၁၄ ရက်တွင် သီတဂူဆေးရုံတွင်ဖျော်ဖြေခဲ့ကြောင်း ၎င်းကပြောသည်။


တိုင်းအတွင်းရှိ အသွားအလာကန့်သတ် စောင့်ကြည့်နေရာအချို့တွင်လည်း လူငယ်များ၊ အနုပညာရှင်များက သီချင်းသီဆိုဖျော်ဖြေလျက် ရှိသည်။

ကျော်သူစိုး