ကလွင်ကျေးရွာရေတားတမံ မိုးရာသီကုန်လျှင် စလုပ်မည်

0
372

မြိတ်မြို့နယ်၊ ကလွင်ကျေးရွာအုပ်စုအတွင်းရှိ ပင်လယ်ရေငန်တားတမံအား ယခုနှစ်မိုးရာသီကုန်လျှင် စတင်ပြုလုပ်သွားမည်ဖြစ်ကြောင်း မြိတ်ခရိုင်စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက ပြောကြားသည်။


ရေငန်တားတမံ (ပင်လယ်ဝတာတမံ ဟောင်း) အပါအဝင် အပိုင်းသုံးပိုင်းခွဲကာ ပြုလုပ်သွားရန်လာမည့်၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှ ငွေကျပ်သန်း ၁၇၀ တောင်းခံထားသည်ဟု ၎င်းက ဆိုသည်။


အပိုင်းသုံးပိုင်းတွင် ပတ္တာတည်ဆောက်ခြင်း၊ ရေတံခါးတည်ဆောက်ခြင်းနှင့် လှိုင်းကာကျောက်တန်းတည်ဆောက်ခြင်းစသည့် လုပ်ငန်းများပါဝင်မည်ဖြစ်ကြောင်း၎င်းက ရှင်းပြသည်။
“လာမဲ့မိုးရာသီ ကုန်ဆုံးချိန်ကစပြီး လုပ်မယ်။ တတ်နိုင်သမျှစောနိုင်သမျှ စောပြီး ဆောင်ရွက်သွားဖို့ရှိပါတယ်” ဟု ဦးကျော်သူက ပြောသည်။


ကလွင်ကျေးရွာအုပ်စု၊ ကလွင်မော်အရပ်တွင် ပြီးခဲ့သည့်နှစ်ကစပြီး တာတမံကျိုးကျမှုကြောင့် လယ်ဧကတစ်ရာကျော်ရှိ စပါးများဆုံးရှုံးခဲ့ရပြီး လက်ရှိအချိန်တွင် တာတမံတစ်စတစ်စ ကျိုးပေါက်လာမှုကြောင့် လယ်ဧကသုံးရာကျော် ရေလွှမ်းခံနေရသည်။


ယင်းအပြင် တာတမံအနီးအိမ်ခြေတစ်ရာကျော်နှင့် လူဦးရေလေးရာကျော် နေထိုင်သည့် ကျေးရွာမှာ တာတမံကျိုးကျမှုကြောင့် ယခုနှစ်မိုးရာသီတွင်ရေလွှမ်းမည်ကို ရွာသားများက စိုးရိမ်လျက် ရှိသည်။


လက်ရှိအချိန်တွင် တာတမံကျိုးမှုကြောင့် နေအိမ်တစ်ဒါဇင်ခန့်မှာ ဒီရေတက်ချိန်တွင် ပုံမှန်ရေလွှမ်းခံနေရသည်။


“ဒီနှစ်မိုးရာသီ ကျွန်မတို့ဘယ်လို နေထိုင်ရမလဲ။ အဲဒါကိုပဲတွေးပြီးစိုးရိမ် နေရတယ်” ဟု ယင်းကျေးရွာနေ ဒေါ်မြသိန်းက ပြောသည်။


ယင်းအတွက် အရေးပေါ်ကာကွယ်ရမည့် လုပ်ငန်းဌာနတွင်ရှိပြီး လတ်တလောအရေးကြီးပြီး အန္တရာယ်အရှိဆုံးနေရာအား သွားရောက်ကွင်းဆင်းကာ တောင်သူများနှင့် တိုင်ပင်ပြီးလုပ်ဆောင် သွားမည်ဖြစ်ကြောင်း မြိတ်ခရိုင်စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက ပြောပြသည်။


အဆိုပါ တာတမံကျိုးမှုအပေါ် ယင်းရွာနေအသက် ၆၀ကျော်ရှိ ရပ်မိရပ်ဖတစ်ဦးက အောက်ပါအတိုင်း ဝေဖန်ပြောဆိုသည်။


“ဌာနရဲ့ပေါ့လျော့မှုကြောင့် ဒီလို ဆုံးရှုံးမှုများသွားတာ”