ထားဝယ်မြို့သစ် စီမံကိန်းမြေသိမ်းဆည်းခံ စာရင်းမဝင်သူများကို စတင် စိစစ်

0
624

ထားဝယ်မြို့သစ်စီမံကိန်းအတွက် မြေသိမ်းဆည်းခံခဲ့ရသော်လည်း တိုင်းအစိုးရစာရင်းတွင် မပါဝင်သူ ၃၀ ဦးကို မေလဒုတိယအပတ်မှစပြီး စတင်စိစစ်နေကြောင်း ထားဝယ်မြို့နယ် လယ်ယာမြေနှင့် အခြာမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီထံမှ သိရသည်။


ထားဝယ်မြို့သစ်စီမံကိန်းအတွက် မြေသိမ်းဆည်းခံရသူ စုစုပေါင်း ခုနစ်ဆယ်ရှိသော်လည်း အစိုးရ၏ အသိအမှတ်ပြုခြင်းမခံရသူ သုံးဆယ်ဦးကျန်နေကြောင်း ထားဝယ်ခရိုင် တောင်သူလယ်သမားသမဂ္ဂထံမှ သိရသည်။


အဆိုပါ သုံးဆယ်ဦးသည် အမှန်တကယ် မြေသိမ်းဆည်ခံခဲ့ရခြင်း ရှိ/မရှိ၊ လျော်ကြေးရရှိခဲ့ခြင်း ရှိ/မရှိ တို့ကို ထွက်ချက်ယူခြင်းဖြစ်ကြောင်း အထက်ပါ ကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်းက ပြောသည်။


“သူတို့ရဲ့ထွက်ချက်ကိုယူပြီး ခရိုင်ကို ဆက်တင်ပေးရမှာပေါ့။ နောက်ဆုံးဖြတ်ချက်ကတော့ တိုင်းမြေစစ်က ဆုံးဖြတ်မှာပေါ့။ တကယ် အသိမ်းခံရတယ်ဆိုတာလည်း မှန်တယ်၊ လျော်ကြေးလည်း မရဘူးဆိုရင်တော့ ရမှာပေါ့လေ” ဟု ဦးအောင်ဆန်းဝင်းက ဆိုသည်။


မြေသိမ်းခံခဲ့ရသည်ဟုဆိုသူများသည် ယင်းကိစ္စအတွက် သက်ဆိုင်ရာဌာနတို့၏ စစ်ဆေးမေးမြန်းခြင်းကို အကြိမ်ကြိမ်ခံခဲ့ရပြီး ဖြစ်သည်။


လက်ရှိစစ်ဆေးမေးမြန်းရာတွင်လည်း ၎င်းတို့ ထွက်ဆိုချက်အားလုံးကို မှတ်တမ်းတင်ခြင်း မခံရကြောင်း ပြောဆိုကြသည်။


“ကျွန်မတို့ကတော့ သိမ်းထားတဲ့မြေထဲက သုံးပြီးသားဆိုရင် လျော်ကြေးပေးပါ။ မသုံးသေးရင်တော့ ပြန်ပေးပါ ဆိုပြီးပြောတယ်။ စာထဲမှာတော့ ရေးထည့်မပေးဘူး” ဟု စစ်ဆေးခံခဲ့ရသည့် ဒေါ်ကြည်မြင့်က ပြောသည်။


ထားဝယ်မြို့သစ်စီမံကိန်းအတွက် မြေသိမ်းခံထားရပြီး အစိုးရစာရင်းတွင် မပါဝင်သူများ ယင်းမြေအား ပိုင်ဆိုင်ခဲ့ကြောင်း အထောက်အထားရလိုသည်ဟု မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် လျှောက်ထားရန် ပြည်သူ့လွှတ်တော်က ထားဝယ်ခရိုင် တောင်သူလယ်သမားသမဂ္ဂသို့ ဖေဖော်ဝါရီလက အကြောင်းကြားထားသည်။

ကျော်သူစိုး