တနင်္သာရီတိုင်းတွင် မီတာတစ်လုံး ကျပ်ငါးထောင် ဧပြီလမီတာခ ပေးဆောင်ချိန်တွင် ခုနှိမ်ပေးမည်

0
742

ဧပြီလအတွက် လျှပ်စစ်မီတာခပေးသွင်းချိန်တွင် လျှပ်စစ်မီတာတစ်လုံးလျှင် ကျပ်ငါးထောင်ကို စတင်ခုနှိမ်ပေးမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးကျော်မင်းက ပြောသည်။


တိုင်းအတွင်း Loyalty Fee (ခိုင် ကြေး) ပေးဆောင်ထားသည့် လျှပ်စစ်မီးပေးရေးလုပ်ငန်းများ၏ မီတာတစ်လုံးလျှင် ငွေကျပ်ငါးထောင် ထောက်ပံ့ပေးမည်ဖြစ်ပြီး ယင်းထောက်ပံ့ငွေကို ဧပြီလအတွက် ကျသင့်မီတာခပေးသွင်းချိန်တွင် ခုနှိမ်ပေးခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။


တနင်္သာရီတိုင်းအတွင်းရှိ လျှပ်စစ်မီတာအလုံးရေ တစ်သိန်းလေးသောင်းကျော်အတွက် ငွေကျပ်သိန်းခုနစ်ထောင်ကျော်ကို ကျခံသုံးစွဲမည်ဖြစ်ကြောင်း ဝန်ကြီးဦးကျော်မင်းက ပြောသည်။
“များများသုံးတဲ့သူပဲဖြစ်ဖြစ် နည်းနည်းသုံးတဲ့သူပဲဖြစ်ဖြစ် တစ်လုံးကို ငါးထောင်ကျပ် ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။


ထို့အတွက် တိုင်းဒေသကြီးအစိုးရဘဏ္ဍာငွေဖြင့် ကျခံသုံးစွဲခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
ယင်းအပြင် လျှပ်စစ်မီတာခ ကျပ်ငါးထောင်ပင်မကျသင့်ပါက ပိုငွေကို မီတာပိုင်ရှင်အား ပြန်ပေးမည်ဖြစ်ကြောင်း ဝန်ကြီးဦးကျော်မင်းက ပြောသည်။


ပြည်ထောင်စုအစိုးရအဖွဲ့မှ ဦးစီးဖွဲ့စည်းထားသော ကိုဗစ်နိုင်တင်းကာကွယ်ထိန်းချုပ်ကုသရေး ဗဟိုကော်မတီ၏အစီအစဉ်အရ မြန်မာနိုင်ငံအတွင်းရှိ လျှပ်စစ်မီးသုံးစွဲသူများမှာ ဧပြီလအတွက် ယူနစ် ၁၅၀ အခမဲ့ရရှိမည် ဖြစ်သည်။


သို့သော် တနင်္သာရီတိုင်းဒေသကြီးမှာ မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်ထားခြင်း မရှိသေးသဖြင့် ထိုခံစားခွင့် မရရှိပေ။


ထို့ကြောင့် တိုင်းအတွင်း လျှပ်စစ်သုံးစွဲသူများ အခြားတိုင်းနှင့် ပြည်နယ်များနည်းတူ ယူနစ် ၁၅၀ အခမဲ့သုံးစွဲနိုင်ရန် ငွေကျပ်သိန်းပေါင်း ငါးသောင်းကျော်ကို တနင်္သာရီတိုင်းအစိုးရက ပြည်ထောင်စုအစိုးရထံ ဧပြီလ ၉ ရက်တွင် တောင်းခံထားသည်။


အဆိုပါပြည်ထောင်စုအစိုးရထံ တောင်းခံထားသည့်ငွေကြေးနှင့် ပတ်သက်၍ မေလ ၅ ရက်နေ့အထိ တစ်စုံတစ်ရာအကြောင်းမထူးသေးကြောင်း ဝန်ကြီးဦးကျော်မင်းက ဆိုသည်။


ယင်းကြောင့် လျှပ်စစ်မီးထုတ်လုပ်ဖြန့်ဖြူးပေးနေသည့် လုပ်ငန်းရှင်များမှ တတ်နိုင်သမျှ ကူညီပံ့ပိုးပေးရန် ဧပြီလ ၂၁ ရက်နေ့တွင် တိုင်းအစိုးရက လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် ပြောဆို ထားသည်။


လုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီးနောက် မြိတ်မြို့နယ်တွင် ဧပြီလအတွက် လျှပ်စစ်တစ်ယူနစ်လျှင် ကျပ် ၂၈၀ ဖြင့် ဖြန့်ဖြူးပေးရန် သဘောတူညီမှုရရှိထားကြောင်း တိုင်းအစိုးရထံမှ သိရသည်။
ယခင်က လျှပ်စစ်တစ်ယူနစ်လျှင် ကျပ် ၃၈၀ ဖြင့် ဖြန့်ဖြူးနေသည်။


ကော့သောင်းမြို့နယ်တွင်လည်း တစ်ယူနစ်လျှင် ၃၃၀ ကျပ်နှုန်း လျှော့ချကောက်ခံရန်နှင့် အိမ်သုံးမီတာများအတွက် ၁၀ ယူနစ် အခမဲ့သုံးစွဲခွင့်ရ ရှိထားသည်။

ကော့သောင်းတွင် မေလအတွက် လျှပ်စစ်တစ်ယူနစ် ကျပ် ၃၀ဝ ထက်မပို

ထားဝယ်ခရိုင်တွင်မူ လျှပ်စစ်ထုတ်လုပ်နေသည့် ကုမ္ပဏီက အရှုံးပြနေသည်ဟုဆိုကာ ဈေးနှုန်းလျှော့ပေးခြင်း မရှိပေ။


ထားဝယ်ခရိုင်လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးရေးလုပ်ငန်းကို Petro & Tran ကုမ္ပဏီက လုပ်ကိုင်နေခြင်းဖြစ်ပြီး တစ်ယူနစ်လျှင် ၂၃၈ ကျပ် ကောက်ခံနေသည်။


တိုင်းအစိုးရအဖွဲ့၏ ဘဏ္ဍာငွေဖြင့် ထောက်ပံ့ခုနှိမ်ပေးသော မီတာတစ်လုံး ကျပ်ငါးထောင် အစီအစဉ်မှာ တစ်တိုင်းလုံးရှိ ခိုင်ကြေးပေးဆောင်ထားသော လျှပ်စစ်ဓာတ်အားပေးရေး လုပ်ငန်းများမှ လျှပ်စစ်မီးရယူနေသော မီတာအားလုံး အကျုံးဝင်သည်။


တနင်္သာရီတိုင်းသားများကမူ လျှပ်စစ်မီတာခခံစားခွင့်ကို ပြည်မနှင့်တန်းတူ ရရှိလိုကြောင်း ထုတ်ဖော်ပြောဆိုမှုများ ရှိသည်။


တနင်္သာရီတိုင်းသားများအနေဖြင့် မီတာခကို ခေတ်အဆက်ဆက် ဈေးကြီးစွာပေးဆောင်နေရသူများဖြစ်သည့်အတွက် ယခုကဲ့သို့ ခံစားခွင့်ပေးရာတွင် တန်းတူရသင့်သည်ဟု ထင်ကြောင်း ထားဝယ်မြို့ခံကိုလှသိန်းက ဆိုသည်။


“နှစ်ပေါင်းများစွာ ဈေးပိုပေးပြီး သုံးလာရတဲ့တိုင်းဖြစ်ပြီး အခုလို အခွင့်အရေးပေးရာမှာ ပြည်မထက်နည်းတာမျိုး မဖြစ်သင့်ဘူး” ဟု ၎င်းက ပြောသည်။


ထားဝယ်တိုင်းရင်းသားများပါတီကလည်း တနင်္သာရီတိုင်းနေပြည်သူများမှာ အခွန်ထမ်းပြည်သူများဖြစ်သည့်အတွက် ဧပြီလအတွက် လျှပ်စစ်ယူနစ်ကြေး ကင်းလွတ်ခွင့်ကို အခြားတိုင်းနှင့် ပြည်နယ်နေပြည်သူများနည်းတူ တန်းတူခံစားခွင့်ရှိသင့်ကြောင်း ဧပြီလ ၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။


ယင်းကြောင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိပြည်သူများ လျှပ်စစ်ဓာတ်အားခ တန်းတူ ကင်းလွတ်ခွင့်ရရှိရေး တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့အနေနှင့် အထူးအလေးပေး စီစဉ်ဆောင်ရွက်ရန် ယင်းပါတီက တိုက်တွန်းထားသည်။