အဖြေလေးတော့ ပြန်ပေးသင့် ပါသည်

0
1131

မသီတာထံမှ ဓာတ်ခွဲနမူနာ ယူသွားသည်မှာ ဆယ်ရက်ကျော်ပြီဖြစ်သည်။ သို့သော် သူ့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ရှိ၊ မရှိ မည်သူမျှလာရောက် အကြောင်းကြားခြင်း မရှိပေ။


သူမတွင် ထိုရောဂါပိုးကူးစက်ခံထားရခြင်း ရှိ/မရှိသိရှိရန် ပါးစပ်၊ နှာခေါင်းတို့ဖတ် ဓာတ်ခွဲနမူနာကို ဧပြီလ ၂၅ ရက်တွင် ရန်ကုန်ဓာတ်ခွဲခန်းသို့ပို့ကာ စစ်ဆေးခဲ့သည်။ ဧပြီလ ၂၉ ရက်တွင်တော့ သူမတွင် ရောဂါပိုးမတွေ့ကြောင်း ဓာတ်ခွဲအတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။


သို့သော် မသီတာ (အမည်လွှဲ) မှာ သူမတွင် ထိုရောဂါပိုးမရှိကြောင်း မသိရသေးပေ။
“လာစစ်ပြီးကတည်းက ဘာမှမပြောတော့ဘူး။ သူ (ကျန်းမာရေးဝန်ထမ်း) ပြောတာက နှစ်ရက်၊ သုံးရက်ကြာရင် သိရပြီလို့ပြောတယ်။ အခုထိ အဖြေမသိ ရသေးဘူး” ဟု မသီတာက မေလ ၅ ရက်တွင်ပြောသည်။


လောင်းလုံးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင်နေထိုင်သော အသက် ၂၅ နှစ်အရွယ် သား၊ သမီးနှစ်ဦးမိခင် မသီတာသည် မြန်မာ-ထိုင်းနယ်စပ်ထီးခီးရှိ အစိုးရဌာနဆိုင်ရာတစ်ခုတွင် အလုပ်လုပ်ကိုင်နေသူ တစ်ဦးဖြစ်သည်။


သင်္ကြန်မတိုင်မီ မိခင်ရှိရာ လောင်းလုံးမြို့နယ်ရှိဇာတိရွာသို့ ဆောက်လက်စအိမ်ကိုကြည့်ရန်နှင့် အလည်အပတ်သဘော ခဏတာလာရောက်ခြင်းဖြစ်သည်။


ဇာတိရွာရောက်ပြီး ရက်အနည်းငယ်အကြာတွင် ချောင်းဆိုးလာသဖြင့် ကျေးရွာရှိ ကျန်းမာရေးဝန်ထမ်းထံ ဆေးကုသမှုခံယူရာမှ ကိုဗစ်- ၁၉ စစ်ရန် ဖြစ်လာသည်။


ယင်းသို့ ကျန်းမာရေးအစစ်ဆေးခံပြီးနောက်ပိုင်း သူမသည် သား၊ သမီးများ နှင့်ခွဲကာ ဆောက်လက်စတစ်ထပ်တိုက် အိမ်လေးရှိအခန်းတစ်ခုတွင် သီးခြားနေထိုင်ရင်း ဓာတ်ခွဲအဖြေကို တစ်မိသားစုလုံး ရင်တမမဖြင့် စောင့်ဆိုင်းနေခဲ့ကြသည်။


သို့သော် သူမမျှော်နေသော ဓာတ်ခွဲအဖြေသတင်းစကားကို မည်သူမျှလာရောက် အသိပေးခြင်းမရှိကြပေ။


“ဘာမှ လာအသိမပေးကြတော့ ကြောက်ပြီးနေကြတာပေါ့။ ဘယ်မှလည်း မသွားရဲ။ ဘာမှလည်း မလုပ်ရဲ။ အိမ်ပေါ်က အိမ်အောက်တောင်မဆင်းရဲတော့ဘူး။ ဒီလိုပဲ ကြောက်စိတ်နဲ့ပဲနေရတာပေါ့” ဟု မသီတာက ဆိုသည်။


တနင်္သာရီတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနကမူ နေ့အလိုက်စစ်ဆေးထားသော အခြေအနေများကို လူမှုကွန်ရက် Facebook မှတစ်ဆင့် သတင်းထုတ်ပြန်လျက်ရှိသည်။


ခက်သည်က မသီတာသည် Facebook ကောင်းကောင်းအသုံးမပြု တတ်ပေ။ ထိုကြောင့် သူမကို ကျန်းမာရေးစစ်ဆေးသွားသည့်သူများထံမှ သတင်းစကားကိုသာ နေအိမ်မှာ နေထိုင်ရင်း စောင့်မျှော်နေခြင်းဖြစ်သည်။


သူမတွင် ကိုဗစ်နိုင်တင်းစစ်ဆေးရန် ဓာတ်ခွဲနမူနာကို ကျန်းမာရေးဝန်ထမ်းများက နေအိမ်တွင် လာရောက်ယူဆောင်ကြခြင်း ဖြစ်သည်။ ထိုအချိန်မှစပြီး အိမ်နီးချင်းများက ခွဲခြားဆက်ဆံ လာကြတော့သည်။


“အိမ်ကသားတွေဆိုရင် အဲဒီအချိန်ကတည်းက သူများအိမ်မှာ သွားကစားခိုင်း လို့မရဲတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မသားသမီးတွေ လာကစားတာ မကြိုက်သလိုဖြစ်နေကြလို့” ဟု မသီတာက ရင်ဖွင့်သည်။


မသီတာအပါအဝင် ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိ / မရှိ ဓာတ်ခွဲစစ်ဆေးဖူးသူ သုံးဦးအား တနင်္သာရီအပတ်စဉ်က တွေ့ဆုံမေးမြန်းခဲ့ရာ သုံးဦးစလုံး ပိုးတွေ့ / မတွေ့ ဆိုသည့် ဓာတ်ခွဲအဖြေကို မည်သူမျှ တရားဝင်လာရောက် အသိပေးခြင်းမရှိကြောင်း ပြောဆိုကြသည်။


သို့သော် မသီတာမှလွဲပြီး ကျန်နှစ်ဦးမှာ ၎င်းတို့တွင် ထိုရောဂါပိုးမရှိကြောင်းကို အင်တာနက်ပေါ်မှတစ်ဆင့်၊ တီဗွီသတင်းအစီအစဉ်တို့မှ သိရှိထားကြကြောင်း ပြောဆိုကြသည်။


“တီဗွီမှာ ဒီနေ့ပိုးမတွေ့ဘူးလို့ ကြေညာရင် ကိုယ့်သားမှာလည်း ပိုးမတွေ့ဘူးလို့ ယူဆထားလိုက်တယ်။ ပိုးတွေ့တယ်ဆိုရင်တော့ ဒီအချိန်အထိ ထားထားမှာမဟုတ်ဘူး။ ဆေးကုဖို့လာ ခေါ်မှာပဲလေ” ဟု ယင်းရောဂါပိုး စစ်ဆေးဖူးသူ အမျိုးသားတစ်ဦး၏မိခင်က ပြောသည်။


တနင်္သာရီတိုင်းပြည်သူ့ ကျန်းမာရေးဦးစီးဌာန၏ မေလ ၃ ရက်အထိ နောက်ဆုံးထုတ်ပြန်ထားချက်အရ တိုင်းအတွင်းကိုရိုနာရောဂါပိုး ဓာတ်ခွဲစစ်ဆေးဖူးသူ ၁၁၆ ဦးရှိပြီး အားလုံးတွင် ရောဂါပိုးမတွေ့ရပေ။ ထိုသူအထဲတွင်လည်း မသီတာကဲ့သို့ ဓာတ်ခွဲအဖြေမသိရ သေးသူများ မည်မျှရှိနေပြီနည်း။


တနင်္သာရီတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာထွေးမြစိုးကမူ ဓာတ်ခွဲစစ်ဆေးချက် ရလဒ်များရရှိပါက သက်ဆိုင်ရာမြို့နယ်မှတစ်ဆင့် ကာယကံရှင်များကို အကြောင်းကြားပေးနေကြောင်း ပြောဆိုသည်။


အချို့မြို့နယ်များတွင် ကာယကံရှင်များကို သွားရောက်အကြောင်းကြားခြင်းရှိပြီး အချို့မြို့နယ်များတွင် အကြောင်းကြားခြင်းမရှိကြောင်း ဒေါက်တာထွေးမြစိုးက ပြောသည်။


“တချို့မြို့နယ်တွေကအကြောင်း ကြားကြတယ်။ တချို့က အကြောင်းမကြား ကြဘူး။ ကျွန်မတို့ သွားနေတဲ့ စနစ်ကတော့ ပိုးမတွေ့ဘူးဆိုရင် Quarantine ကနေ အိမ်ပြန်ခိုင်းလိုက်တယ်” ဟု ၎င်းက ဆိုသည်။


သို့သော် တကယ်မြေပြင်တွင် ယင်းအခြေအနေအတိုင်း ထင်ဟပ်ခြင်းမရှိသည့် အဖြစ်အပျက်များ ရှိသည်။ ပိုးမတွေ့ပါက သီးခြားစောင့်ကြည့်နေထိုင် (Quarantine) စေခြင်းမှ အိမ်ပြန်သွားခိုင်းသည်ဆိုသည်မှာ မမှန်ပေ။


ဧပြီလ ၂၂ ရက်က ဓာတ်ခွဲနမူနာပို့ပြီး နောက်သုံးရက်အကြာတွင် ပိုးမတွေ့ ကြောင်း ဓာတ်ခွဲအဖြေကို အွန်လိုင်းမှတစ်ဆင့် သိရှိခဲ့သည်ဟုဆိုသူ အသက် ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ မေလ ၅ ရက်အထိ သီးခြားနေထိုင်စောင့် ကြည့်ခံနေရဆဲ ဖြစ်သည်။


ကိုရိုနာရောဂါပိုး စစ်ဆေးပြီးပါက ထိုစစ်ဆေးချက်ရလဒ်ကို ကာယကံရှင်များ သိရှိသင့်သည်မှာ အခြေခံအခွင့်အရေးတစ်ခုဟုပင် ဆိုနိုင်သည်။


မသီတာအပါအဝင် ကိုရိုနာရောဂါပိုး ဓာတ်ခွဲစစ်ဆေးခံရဖူးသူ သုံးဦးစလုံး သဘောညီစွာ ပြောဆိုသော စကားတစ်ခုမှာ အောက်ပါအတိုင်းဖြစ်သည်။


“ဓာတ်ခွဲအဖြေကိုတော့ ကာယကံရှင်တွေကို အသိပေးသင့်တယ်”

ကျော်သူစိုး