ပုလောမြို့ရှိ ပျံကျဈေးသည်များအား နေရာသစ်သို့ ထပ်ပြောင်း

0
327

မြိတ်ခရိုင် ပုလောမြို့ပေါ်ရှိ ပျံကျဈေးသည်များအား မေလ ၆ ရက်နေ့မှစပြီး နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓပူဇနိယရင်ပြင်တော်ပေါ်သို့ ရွှေ့ပြောင်းနေရာချထားကြောင်း ပုလောမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌဦးတင်စိုးထံမှ သိရသည်။


ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူစုလူဝေးမပြုလုပ်ရန် ထုတ်ပြန်ထားသည့် အခြေအနေတွင် ပုလောမြို့မဈေးကြီး အပြင်ဘက်တွင်ရောင်းချနေကြသည့် ပျံကျဈေးသည်များအား ရပ်ကွက်သုံးခုတွင် သုံးနေရာခွဲပြီးရောင်းချနိုင်ရန် ဆောင်ရွက်ပေးထားပြီးဖြစ်သော်လည်း အဆင်မပြေသောကြောင့် ယခုကဲ့သို့ ထပ်ပြောင်းခြင်းဖြစ်ကြောင်း စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌဦးတင်စိုးက ပြောပြသည်။


“ခွဲပေးတဲ့‌ နေရာမှလည်း အဆင်မပြေဘူး။ လူစုလူဝေး ထပ်ဖြစ်နေတာ” ဟု စည်ပင်ကော်မတီ ဥက္ကဋ္ဌဦးတင်စိုးက ပြောသည်။


ထို့ကြောင့် မြို့နယ်သံဃနာယက ဆရာတော်များနှင့် နှစ်ကျိပ်ရှစ်ဆူဘုရား ကျင်းပရေး ကော်မတီတို့၏ ခွင့်ပြုချက်တို့ဖြင့် ပြောင်းရွှေ့ရောင်းချစေခဲ့ခြင်းဖြစ်ကြောင်း ဥက္ကဋ္ဌ ဦးတင်စိုးက ပြောပြသည်။


ရွှေ့ပြောင်းပေးထားသည့် နေရာတွင် လမ်းအကျယ် ပေ ၃၀ နှင့် ဆိုင်တစ်ခွင်နှင့် တစ်ခွင် ၆ ပေခွဲအကွာ ပြုလုပ်ပေးထားကြောင်း သိရသည်။


အဆိုပါ ပျံကျဈေးတွင် ဆိုင်ခွင်ပေါင်း ၄၀ဝ နီးပါးခန့်ရှိကြောင်း သိရသည်။

မြင့်မိုရ်(မြိတ်)