ကိုဗစ်နိဗ္ဗာန်ယာဉ်အတွက် အလှူငွေလိုအပ်

0
330

ကိုဗစ်ရောဂါကြောင့် သေဆုံးသူများကို သုသာန်သို့ပို့ဆောင်မည့် နိဗ္ဗာန်ယာဉ်အတွက် အလှူငွေလိုအပ်နေကြောင်း နာရေးကူညီမှု (ထားဝယ်) အဖွဲ့ထံမှ သိရသည်။


ကိုဗစ်ကြောင့် သေဆုံးသူရှိလာပါက အလောင်းသယ်ဆောင်နိုင်ရန် ကွန်တင်နာပုံးပါသည့် နိဗ္ဗာန်ယာဉ်ကို အလှူရှင်များ၏ လှူဒါန်းငွေဖြင့်ဝယ်ယူထားပြီး လက်ရှိတွင် ကားတန်ဖိုးအပြေ အကြေမပေးရသေးဘဲ ငွေကျပ်သိန်း နှစ်ဆယ်ကျော်လိုနေသေးကြောင်း နာရေးကူညီမှု(ထားဝယ်)အဖွဲ့ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ဆိုသည်။


ကိုဗစ်လူနာသေဆုံးခြင်း သို့မဟုတ် သံသယလူနာသေဆုံးပါက သယ်ဆောင်သည့် နိဗ္ဗာန်ယာဉ်ကို ပိုးသတ်ဆေးဖြန်းရာတွင် သတ္တုပစ္စည်းများဆုံးရှုံးခြင်း၊ သန့်ရှင်းရေးလုပ်ရန် ခက်ခဲခြင်းများကြောင့် ကွန်တင်နာပုံးပါသည့် နိဗ္ဗာန်ယာဉ်ဖြင့် သယ်ဆောင်ရန်စီစဉ်ခြင်းဖြစ် ကြောင်း ၎င်းက ပြောသည်။


အဆိုပါကားကို ငွေကျပ် ၄၈ သိန်း ဖြင့်ဝယ်ယူခဲ့ပြီး လက်ရှိတွင် ယာဉ်တန်ဖိုးကျန်ငွေနှင့် ယာဉ်ထားမည့် အမိုးဆောက်ရန် ငွေကျပ် ၂၅ သိန်းခန့် လိုအပ်နေသေးကြောင်း အထက်ပါအဖွဲ့ထံမှ သိရသည်။


လက်ရှိတွင် အဆိုပါနိဗ္ဗာန်ယာဉ်ကို အသင့်ပြင်ထားပြီးဖြစ်ကာ အလောင်းနှစ်လောင်း တစ်ပြိုင်တည်းသယ်ဆောင်နိုင်ကြောင်း ဦးအောင်နိုင်ဦးက ဆိုသည်။


“တကယ်တမ်းဖြစ်နေပြီဆို သယ်လို့ရနေပြီ၊ အဆင်သင့်ဖြစ်နေပြီ” ဟု ဦးအောင်နိုင်ဦးက ပြောသည်။


ကိုဗစ်ကာလပြီးဆုံးပါက အဆိုပါနိဗ္ဗာန်ယာဉ်ကို ချို့တဲ့နာရေးသယ်ဆောင်ရာတွင် အသုံးပြုမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။


အထက်ပါ နိဗ္ဗာန်ယာဉ်အတွက် အလှူငွေလှူဒါန်းလိုပါက ကရပ်ပြင်လမ်းဆုံရှိ နာရေးကူညီမှု (ထားဝယ်)အဖွဲ့ရုံးခန်းတွင် လာလှူနိုင်ကြောင်း အထက်ပါအဖွဲ့ထံမှ သိရသည်။