ထီးခီးနယ်စပ်မှ တစ်ပတ်တစ်ရက် ဂက်စ်တင်သွင်းခွင့်ပြန်ရ

0
375

အိမ်သုံးဂက်စ်ကို ထီးခီးနယ်စပ်ဂိတ်မှ တင်သွင်းခွင့်ပြန်ရပြီဖြစ်ကြောင်း ဂက်စ်တင်သွင်းနေသည့် ကုမ္ပဏီထံမှ သိရသည်။


ထီးခီးနယ်စပ်ဂိတ်မှ ဂက်စ်တင်သွင်းခွင့်ကို ပြီးခဲ့သည့်အပတ်က စတင်ခွင့်ပြုလိုက်ခြင်းဖြစ်ပြီး တစ်ပတ်လျှင်တစ်ကြိမ် ကြာသပတေးနေ့တိုင်း တင်သွင်းခွင့်ပြန်ရပြီဖြစ်ကြောင်း ဂက်စ်တင်သွင်းနေသည့် ကစယ်ဒိုထူးကုမ္ပဏီ၏ အရောင်းမန်နေဂျာဒေါ်ခင်မူက ဆိုသည်။


ကိုရိုနာရောဂါပိုးဂယက်ကြောင့် ထီးခီးနယ်စပ်ဂိတ်ပိတ်ထားသည့်အတွက် ထားဝယ်ဒေသနှင့် မြိတ်ဒေသတွင်သုံးစွဲမည့် မီးဖိုချောင်သုံးဂက်စ်ကို တင်သွင်းခွင့်မရဖြစ်နေခဲ့သည်။


ယင်းသို့အခြေအနေတွင် ဂက်စ်တင်သွင်းခွင့်ရရန် အထက်ပါကုမ္ပဏီက တနင်္သာရီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းကို ဧပြီလ ၁ ရက်တွင် တောင်းဆိုထားသည်။


ကုမ္ပဏီဘက်က အကူအညီတောင်းခံလာသည့်အပေါ် တိုင်းကုန်သည်/ စက်မှု အသင်းက ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် တိုင်းအစိုးရထံ စာဖြင့်တင်ပြခဲ့ပြီးနောက် ယခုကဲ့သို့ တင်သွင်းခွင့်ရခဲ့ကြောင်း ကစယ်ဒိုထူးကုမ္ပဏီ၏ အရောင်းမန်နေဂျာ ဒေါ်ခင်မူက ဆိုသည်။


လက်ရှိတွင် တစ်ပတ်လျှင် တစ်ရက်တည်းသာ တင်သွင်းခွင့်ရသည့်အတွက် ဒေသသုံးအတွက် မလုံလောက်သေးသဖြင့် ရန်ကုန်နှင့် မြဝတီဘက်မှ တင်သွင်းနေရသေးကြောင်း ၎င်းက ပြောသည်။
“ထီးခီးကချည်းပဲ တင်သွင်းမယ်ဆိုရင် ဈေးချပြီးရောင်းတယ်လေ။ သယ်ယူ စရိတ်သက်သာတယ်လေ” ဟု ဒေါ်ခင်မူက ဆိုသည်။


ကစယ်ဒိုထူးကုမ္ပဏီသည် ထီးခီးနယ်စပ်မှ တစ်ရက်လျှင် ဂက်စ် ၈ တန်ခန့် တင်သွင်းခွင့်ရနေပြီး ယခင်က ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်အတွက် တစ်ပတ်လျှင် ပျမ်းမျှ ၂၄ တန်ခန့် တင်သွင်းနေကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။


လက်ရှိတွင် ဂက်စ် ၄၈ ကီလိုတစ်အိုးလျှင် ငါးသောင်းသုံးထောင်ကျပ်ဝန်းကျင်ဖြင့်ရောင်းချနေကြောင်း အထက်ပါကုမ္ပဏီထံမှ သိရသည်။