ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး နောက်ဆုံးအခြေအနေ

0
502

တနင်္သာရီတိုင်းအတွင်း ကိုဗစ် ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို မေလ ၇ ရက် နေ့က ပြုလုပ်ခဲ့သည်။ ယင်းသတင်းစာ ရှင်းလင်းပွဲတွင် ကိုဗစ်ရောဂါနှင့် ပတ်သက် ၍ တိုင်းအစိုးရက ပြင်ဆင်ထားမှုများ၊ တပ်မတော်ဘက် က ပြင်ဆင်ထားမှုများ၊ လျှပ်စစ်မီးအခမဲ့သုံးစွဲခွင့်ကိစ္စများကို ရှင်း လင်းခဲ့သည်။ ယင်းရှင်းလင်းချက် များကို ကောက်နုတ်ဖော်ပြလိုက်သည်။

စောင့်ကြည့်စခန်း အခြေအနေ

တနင်္သာရီတိုင်းအတွင်း ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူ ၄၅၀၀ ကျော် နှင့် ပြည်တွင်းစောင့်ကြည့်/သံသယ လူနာ ၁၈၃၂ ဦး ရှိပြီး Community Based Facility Quarantine (လူထု အခြေပြု စောင့်ကြည့်စခန်း) ၄၃၉ ခုတွင် ထားရှိကြောင်း တိုင်းအစိုးရက ထုတ်ပြန် သည်။

၎င်းတို့အနက် မေလ ၆ ရက်နေ့ တွင် ၅၃၇၂ ဦးကို ကျန်းမာရေးထောက်ခံ ချက်ဖြင့် ပြန်လည်စေလွှတ်ခဲ့ပြီးဖြစ် ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်က ပြောသည်။

တိုင်းအတွင်းရှိ လူထုအခြေပြု စောင့်ကြည့်စခန်းပေါင်း ၅၅၇ ခုရှိသည့် အနက် ၅၀၁ ခုတွင် ရေ၊ မီး၊ အိမ်သာ ပြည့်စုံမှုရှိသော်လည်း ၅၆ ခုတွင် ပြည့်စုံမှု မရှိဟု ဦးမြင့်မောင်က ဆိုသည်။

ယင်းနေရာ ၅၆ ခုတွင် ပြည့်စုံမှု မရှိသည့်အတွက် ခရိုင်အလိုက်တင်ပြ လာပါက ရွေ့လျားအိမ်သာများ ဖြည့်ဆည်း ရန် စီစဉ်နေသည်ဟု ဆိုသည်။

စောင့်ကြည့်စခန်းများကို ထောက်ပံ့ ရာတွင် ပြည့်ပြည့်စုံစုံထောက်ပံ့နိုင် မည်မဟုတ်ဘဲ Facility Quarantine ကို အဓိကထားထောက်ပံ့နေပြီး ခရိုင်သုံးခု အတွက် ကျပ်သိန်း ၉၀၀ ကျော်ကို သီးခြား ထောက်ပံ့ထားပြီးဖြစ်ကြောင်း ဦးမြင့်မောင်က ပြောသည်။

ယင်းအပြင် တိုင်းအတွင်းရှိ လူထု အခြေပြု စောင့်ကြည့်စခန်း များအတွက် တစ်မြို့နယ်လျှင် ငွေကျပ်သိန်းတစ်ရာစီထောက်ပံ့ထားပြီဖြစ်သည်ဟု ဆိုသည်။

Facility Quarantine များကို ခြင်ထောင်၊ ခေါင်းအုံး၊ စောင်များကို ထောက်ပံ့ထားသော်လည်း ရပ်ကျေးရှိ လူထုအခြေပြုစောင့်ကြည့်စခန်းများ အထိ ပါဝင်မည်မဟုတ်သေးကြောင်း ၎င်းက ပြောသည်။

ယင်းအပြင် ဟိုတယ်တွင်စောင့် ကြည့်ခြင်းအတွက် ထားဝယ်ခရိုင်တွင် ဟိုတယ် ၂ လုံး၊ မြိတ်ခရိုင်တွင် ဟိုတယ် ၃ လုံးနှင့် တည်းခိုရိပ်သာ ၆ လုံး၊ ကော့သောင်းခရိုင်တွင် ဟိုတယ် ၁ လုံး ရှိပြီး စုစုပေါင်း ၂၀၄ ခန်းရှိကြောင်း ဦးမြင့်မောင်က ဆိုသည်။

တိုင်းအတွင်း တပ်မတော်က ပြင်ဆင်ထားမှုကိုလည်း ရှင်းလင်းပြော ဆိုခဲ့သည်။

ကမ်းရိုးတန်းဒေသစစ်ဌာနချုပ် အစီအစဉ်ဖြင့် ပလောက်တွင် ၄၀၀ ဦး ထားနိုင်ရန် အသင့်ပြင်ဆင်ထားပြီး ဖြစ်ကြောင်း လုံနယ်ဝန်ကြီး ဗိုလ်မှူးကြီး ကျော်ဇေယျက ပြောသည်။

မြိတ်တွင် လူ ၁၀၀ ဦးနှင့် ကော့သောင်း တွင် ၅၀ ဦးအတွက် ပြင်ဆင်ထားပြီး ဖြစ်ကြောင်း၎င်းက ဆိုသည်။

စောင့်ကြည့်ခံရသူများနေထိုင်လာ ပါက စားသောက်ရေးအတွက်ပါ တာဝန် ယူနိုင်ကြောင်း တိုင်းအစိုးရအဖွဲ့ကို ကမ်း လှမ်းအကြောင်းကြားထားပြီးဖြစ် ကြောင်း ဗိုလ်မှူးကြီးကျော်ဇေယျက ပြောသည်။

ဓာတ်ခွဲနမူနာ စစ်ဆေးခြင်း

မေလ ၆ ရက်နေ့အထိ တနင်္သာရီ တိုင်းအတွင်းမှ ကိုရိုနာရောဂါပိုးစစ်ရန် ၂၁၆ ဦး၏ နှာခေါင်းတို့ဖတ်များကို ဓာတ်ခွဲရန် ပေးပို့ခဲ့ပြီး အားလုံးတွင် ပိုးမတွေ့ရကြောင်း ဝန်ကြီးချုပ်က ဆို သည်။

စက်ရုံအလုပ်ရုံစစ်ဆေးခြင်း

တိုင်းအတွင်းရှိ စက်ရုံအလုပ်ရုံ များကို ကျန်းမာရေးဌာန၏ အကြံပြု သတ်မှတ်ချက်များအတိုင်း လိုက်နာခြင်း ရှိ^မရှိကို စစ်ဆေးရန် အဖွဲ့ ငါးဖွဲ့ခွဲ ထားပြီး ဧပြီလ ၂၈ ရက်နေ့တွင် စတင် စစ်ဆေးနေကြောင်း ဦးမြင့်မောင်က ပြောသည်။

ဖွင့်ထားသည့် စက်ရုံအလုပ်ရုံများ အနက် မရှိမဖြစ်လိုအပ်သည့် အများပြည်သူ ဝန်ဆောင်မှုလုပ်ငန်း၊ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများကို စစ်ဆေးခဲ့ကြောင်း ၎င်းကဆိုသည်။

ထားဝယ်ခရိုင်တွင် ၃၃ ရုံ၊ မြိတ် ခရိုင်တွင် ၆၉ ရုံနှင့် ကော့သောင်းခရိုင်တွင် ၅၂ ရုံကို စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း ဦးမြင့်မောင်က ပြောသည်။

တနင်္သာရီတိုင်းအတွင်း စက်ရုံ အလုပ်ရုံပေါင်း ၅၀၀ ကျော်ရှိ ပြီး ယင်း စက်ရုံများအနက် အလုပ်သမား ၁၀ ဦးနှင့် အထက်ရှိသည့် စက်ရုံ ၂၀၀ ကျော် ရှိကြောင်း တိုင်းဒေသကြီး လူဝင်မှု ကြီးကြပ်ရေးနှင့် လူစွမ်းအား အရင်းအမြစ် ဝန်ကြီး ဦးကျော်မင်းက ဆိုသည်။

ထိုသို့စစ်ဆေးရာတွင် ကျန်းမာရေး ဌာန၏ လမ်းညွှန်ချက်နှင့် မကိုက်ညီ သည့် ကင်းမွန်အခြောက်ခံစက်ရုံများကို ယာယီ (တစ်ပတ်)ရပ်ဆိုင်းထားကြောင်း ၎င်းက ပြောသည်။

လိုအပ်ချက်များကို ပြန်လည်ပြုပြင် ရန် အချိန်ပေးထားပြီး လမ်းညွှန်ချက်နှင့် ကိုက်ညီပါက ပြန်ဖွင့်ပေးမည်ဖြစ်ကြောင်း ဝန်ကြီးဦးကျော်မင်းက ဆိုသည်။

Dawei Watch