ကိုဗစ်ဂယက်ကြောင့် ကင်းမွန်ဈေး ထက်ဝက်ပြုတ်ကျ

0
778

ကမ္ဘာတစ်ဝန်းဖြစ်ပွားနေသော ကိုဗစ်ရောဂါဂယက်ကြောင့် ဒေသထွက်ကင်းမွန် ဈေးနှုန်းများ ထက်ဝက်ပြုတ်ကျသွားခဲ့ကြောင်း မြိတ်ဈေးကွက်အတွင်းမှ သိရသည်။


ကပ်ဘေးမဖြစ်မီ ကင်းမွန်တစ်ဘန်းလျှင် ကျပ်ကိုးသောင်းမှ ကျပ်တစ်သိန်းအထိဈေးပေါက်ခဲ့သော်လည်း ယခုအခါ တစ်ဘန်းလျှင် ကျပ်လေးသောင်းခွဲမှ ကျပ်ငါးသောင်းခန့်သာ ဈေးရှိတော့ကြောင်း ကင်းမွန်လုပ်ငန်းရှင်များထံမှ သိရသည်။


မြိတ်ဒေသမှထွက်သည့်ကင်းမွန်ကို ယခင်ကထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံများသို့ အဓိကတင်ပို့ရောင်းချကြပြီး ဈေးကောင်းရခဲ့သည်။သို့သော် ကိုဗစ်ကပ်ဘေးစတင်ဖြစ်ပွားပြီးနောက် တဖြည်းဖြည်းဈေးကျလာခဲ့ကြောင်း ကင်းမွန်လုပ်ငန်းရှင်များက ပြောပြသည်။


“ပြည်ပကဝယ်လိုအားမရှိတော့ ဈေးကောင်းမရတော့ဘူး။ ဒီနစ်အရှုံးပေါ် တယ်ပေါ့”ဟု ကင်းမွန်လှေပိုင်ရှင် ဦးမင်းလွင်က ပြောသည်။


ကင်းမွန်များကိုပင်လယ်အတွင်း ဝယ်ယူပြီး မြိတ်တွင်ရောင်းချသည့် ဒေါ်တင်လေးကလည်း ကင်းမွန်ဈေးနှုန်း တည်ငြိမ်မှုမရှိခြင်းကြောင့် ယခုနှစ်ကင်းမွန်ရာသီတွင် များစွာအရှုံးပေါ်ခဲ့ကြောင်း ဆိုသည်။


“ပင်လယ်က ဝယ်လာတာက တစ်ဈေး၊ ဒီမှာလာရောင်းတော့ မယူကြဘူး။ ဈေးတွေထိုးကျလို့ ရတဲ့ဈေးနဲ့ရောင်းရတော့ အများကြီးထိခိုက်ရတယ်”ဟု ၎င်းက ပြောသည်။


ကင်းမွန်များကိုနှစ်စဉ် စက်တင်ဘာလမှ ဧပြီလအထိ ဖမ်းယူရရှိကြပြီး ယခုလ ကုန်လျှင်ပိတ်သိမ်းကြတော့မည်ဖြစ်သည်။

ကိုဆန်း