ဧပြီလ ၁၃ ရက်နေ့ မြိတ်နောက်ဆုံးရ သတင်း

0
311

မြိတ်ဆေးရုံကြီးတွင် ဧည့်တွေ့ချိန်ပိတ်

ကိုရိုနာဗိုင်းရပ်စ်‌ရောဂါ ကူးစက်မှု ကြိုတင်ကာကွယ်ရေးအတွက် မြိတ်ပြည်သူ့ဆေးရုံကြီးတွင်
ဧည့်တွေ့ချိန် ယာယီ ပိတ်လိုက်ပြီဖြစ်သည်။

ဧည့်တွေ့ချိန်အား ဧပြီလ ၄ ရက်နေ့မှစပြီး နေ့စဉ် ညနေ ၄ နာရီမှ ၅ နာရီအထိသတ်မှတ်ထားသည်။ သို့သော် ဧပြီလ ၁၃ ရက်နေ့မှစပြီး ဧည့်တွေ့ချိန်ကို ခေတ္တပိတ်ထားလိုက်ပြီဖြစ်သည်။

ဧည့်တွေ့ချိန် ခေတ္တပိတ်ထားလိုက်ပြီဖြစ်သော်လည်း လူနာ ထမင်းချိုင့်ပို့ချိန်ကို
နံနက်ပိုင်းတွင် နံနက် ၇ နာရီမှ ၈ နာရီအထိ၊ နေ့လယ်တွင် ၁၁ နာရီမှ ၁၂ နာရီအထိ၊ ညနေတွင် ၄ နာရီမှ ၅ နာရီအထိ သတ်မှတ်ထားဆဲဖြစ်သည်။

ဈေးရောင်းချိန်ကန့်သတ်

မြိတ်မြို့ပေါ်ရှိ စည်ပင်ပိုင်ဈေးတို့တွင် ဧပြီလ ၁၄ ရက်နေ့မှစပြီး ဧပြီလ ၃၀ ရက်နေ့အထိ
ဈေးနှင့်ဈေးနယ်နိမိတ်အတွင်း ဆေးဝါး၊ အစားအသောက်များနှင့် ကုန်ခြောက်ဆိုင်များကိုသာ ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း မြိတ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ထုတ်ပြန်ထားသည်။

စည်ပင်ပိုင်ဈေးတို့တွင် နံနက် ၆ နာရီမှ ၁၂ နာရီအထိသာ ရောင်းချရမည်ဖြစ်ပြီး နာမကျန်းသူများအား ဈေးအတွင်းဝင်ရောက် ရောင်းချဝယ်ယူခွင့်မရှိကြောင်း သိရသည်။

ဈေးရောင်းသူနှင့်ဝယ်သူတို့အကြား သုံးပေအကွာဖြင့် လက်အိတ်များနှင့် mask များအား စနစ်တကျ ဝတ်ဆင်ရမည်ကာ ရောင်းချရမည်ဖြစ်သည်။

ထို့ပြင် ဈေးပတ်ဝန်းကျင်တွင် သံသယရှိလူနာများတွေ့ရှိပါက သက်ဆိုင်ရာဈေးတာဝန်ခံ၊ ဈေးကော်မတီတို့အား အကြောင်းကြားရမည်ဖြစ်ပြီး စည်းကမ်းချက်များအား ဖောက်ဖျက်ပါက တည်ဆဲဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

“ကျွန်တော်တို့ ဒီနေ့မနက်ကပဲ ဈေးတွေကို အကြောင်းကြားထားပြီးပြီ။
လိုက်နာခြင်း မရှိဘူးဆိုရင်တော့ စည်ပင်သာယာရေးဥပဒေနဲ့ အရေးယူဆောင်ရွက်သွားမယ်”ဟု မြိတ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်ညွန်ကြားရေးမှူး ဦးကြည်စိုး ကပြောသည်။

မြင့်မိုရ်(မြိတ်)၊ ကိုဆန်း