မြိတ်နှင့် ထားဝယ်မှ စောင့်ကြည့်လူနာ ၃၀ နီးပါး ဓာတ်ခွဲ နမူနာပို့

0
322

ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်မှ ကိုရိုနာရောဂါပိုးရှိ/ မရှိ ဓာတ်ခွဲစစ်ဆေးထားသူ သုံးဆယ်နီးပါး၏ အဖြေကို ယနေ့ည သိရဖွယ်ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာထွေးမြစိုးက ပြောသည်။

ဧပြီလ ၁၃ ရက်နေ့က ထားဝယ်ဆေးရုံကြီးနှင့် တနင်္သာရီဆေးရုံတို့မှ စောင့်ကြည့်လူနာ ၆ ဦး၏ ဓာတ်ခွဲနမူနာပေးပို့ထားသည်။

ဧပြီလ ၁၄ ရက်နေ့တွင် အတည်ပြုလူနာအမှတ် ၂၅ နှင့် ဆက်နွယ်ထိတွေ့ခဲ့သူ ၂၀ ဦးနှင့် မြိတ်နှင့် တနင်္သာရီဆေးရုံမှ တစ်ဦးစီ၏ ဓာတ်ခွဲနမူနာများ ပေးပို့ထားသည်။

ဧပြီလ ၁၃ ရက်နေ့က နမူနာပေးပို့ထားသူ ၆ ဦး၏ အဖြေကို ယနေ့ညသိနိုင်မည်ဖြစ်ပြီး ယနေ့ပို့ထားသူများ၏ အဖြေလည်း ပါလာနိုင်ဖွယ်ရှိကြောင်း ဒေါက်တာထွေးမြစိုးက ဆိုသည်။

“အဖြေထွက်နိုင်တယ်ပေါ့နော်” ဟု ဒေါက်တာထွေးမြစိုးက ပြောသည်။

ဧပြီလ ၁၂ ရက်နေ့ကလည်း တနင်္သာရီတိုင်းအတွင်းရှိ စောင့်ကြည့်စခန်းများနှင့် ဆေးရုံများမှ လူ ၃၅ ဦးကို ကိုရိုနာရောဂါပိုးရှိ/မရှိ စစ်ဆေးခဲ့ရာ အားလုံးတွင် ပိုးမတွေ့ရပေ။

ကိုဇော်