မြိတ်တွင် လူနာအမှတ် ၂၅ နှင့်ဆက်စပ် လူနှစ်ရာနီးပါးအား စောင့်ကြည့်၊ ထပ်မံစုံစမ်း

0
299

မြိတ်မြို့ မင်္ဂလာဆောင်သို့ လာရောက်ခဲ့သည့် ကိုဗစ်လူနာ အမှတ် ၂၅ နှင့်ပတ်သက်ခဲ့သည့် လူနှစ်ရာနီးပါးအား အိမ်၊ ဟိုတယ်နှင့်စောင့်ကြည့်ရေး စခန်းများတွင် ကျန်းမာရေးစောင့်ကြည့်နေပြီး နောက်ထပ်ဆက်စပ်သူများကိုလည်း ဆက်လက်စုံစမ်းလျှက်ရှိကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းသူအောင်က ပြောကြားသည်။

ရန်ကုန်မြို့နေ အသက် ၅၅ နှစ်ရှိ အမျိုးသားလူနာအမှတ် ၂၅ သည် မြိတ်မြို့ရှိ မင်္ဂလာဆောင်သို့ မတ်လ ၂၃ ရက်နေ့တွင်ရောက်ရှိလာပြီး မတ်လ ၂၅ ရက်နေ့တွင် ရန်ကုန်သို့ပြန်ရောက်ခဲ့သည်။

ပြီးနောက် ဧပြီလ ၂ ရက်နေ့တွင် ဖျားနာခဲ့ပြီး ဧပြီလ ၉ ရက်နေ့တွင် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပြီး သီးခြားလူနာအဖြစ်စစ်ဆေးခဲ့ရာ ကိုဗစ်နိုင်တင်း ရောဂါတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ယင်းကြောင့် ဧပြီလ ၁၀ ရက်နေ့မှစတင်ကာ လူနာတည်းခိုခဲ့သည့် ဟိုတယ်ပိုင်ရှင်အပါအဝင် ဝန်ထမ်း ၃၃ ဦး၊ ဟိုတယ်ဝန်ထမ်းမိသားစု ၁၁၇ ဦး၊ မင်္ဂလာပွဲကျင်းပသည့် အိမ်သား ၁၂ ဦးနှင့် လေယာဉ်ပေါ်ပါလာသည့် ခရီးသည် ၁၂ ဦး၊ စုစုပေါင်း လူဦးရေ ၁၇၄ ဦးအား သက်ဆိုင်ရာ ဟိုတယ်နှင့် မြိတ်တက္ကသိုလ် စောင့်ကြည့်ရေးစခန်းတွင် စောင့်ကြည့်လျက်ရှိနေသည်ဟု ဦးဝင်းသူအောင်က ရှင်းပြသည်။

“တခြားပတ်သက် ဆက်နွယ်ခဲ့တဲ့ လူတွေကိုလည်း တောက်လျှောက်လိုက်ပြီး စုံစမ်းနေပါတယ်။
ရပြီဆိုရင် ကျန်းမာရေးဌာနရဲ့ ဆုံးဖြတ်ချက်နဲ့ ကျွန်တော်တို့ ရှေ့ဆက်ပြီး ဆောင်ရွက်သွားဖို့ ရှိပါတယ်”ဟု ၎င်းက ဆိုသည်။

အိမ်တွင်းအကျဉ်းရုံး မင်္ဂလာပွဲပြုလုပ်သည့် ရုပ်သံအခွေကို ရရှိထားပြီး ယင်းပွဲတွင်
တရားနာခဲ့ကြသည့် လူဦးရေ ခုနှစ်ဆယ်မှ တစ်ရာအကြား ရှိသည်တွေ့ရှိရကြောင်း ၎င်းကခန့်မှန်းပြောဆိုသည်။

လက်ရှိအချိန်ထိ မြိတ်မြို့တွင် စောင့်ကြည့် စခန်းသွင်းသည့် စခန်း ၃ ခုရှိပြီး စောင့်ကြည့်ခံနေရသည့် လူဦးရေ နှစ်ရာကျော် ရှိနေပြီဖြစ်ကြောင်း မြိတ်မြို့နယ် ကိုဗစ်နိုင်တင်း ကာကွယ်ထိန်းချုပ် တားဆီးရေး ကော်မတီ၏ ဥက္ကဋ္ဌ လည်းဖြစ်သူ ဦးဝင်းသူအောင် ဆိုသည်။

လူနာအမှတ် ၂၅ တွင် ကိုဗစ်နိုင်တင်းပိုးတွေ့ရှိပြီး မြိတ်သို့လာရောက်ခဲ့ကြောင်း
ကြေငြာပြီးနောက် မြို့သူမြို့သားများ စိုးရိမ်မှုမြင့်တက်ခဲ့ပြီး ယနေ့တွင်မူ မြိတ်မြို့ရှိ လမ်းများတွင် ယာဉ်အသွားအလာ သိသိသာသာ နည်းပါးသွားခဲ့သည်။

ထားဝယ်မြို့ရှိ အိမ်ထောင်စု နှစ်စုထက် မနည်း ယင်းမင်္ဂလာဆောင်သို့ တက်ရောက်ခဲ့ပြီး စောင့်ကြည့်စခန်းသွင်းရန် စီစဉ်လျက်ရှိသည်။

ဓာတ်ပုံ _ ကိုဆန်း၊ လူနာအမှတ် ၂၅ တည်းခိုခဲ့သော ဟိုတယ်