သင်္ကြန်ကာလ ရေမကစားရန် အမိန့်ထုတ်

0
265

COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် သင်္ကြန်ကာလအတွင်း မည်သည့်ရေပက်ကစားခြင်းကိုမျှ မပြုလုပ်ရဟု ထားဝယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဧပြီလ ၁၀ ရက်နေ့တွင် ဒေသန္တရအမိန့် ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်းလုံး၌ COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မြန်အဆုတ်ရောင်ရောဂါဖြစ်ပွားနေသဖြင့် အဆိုပါ ကူးစက်မြန်ရောဂါ ထားဝယ်မြို့နယ်တွင် ကူးစက်ပြန့်ပွားမှုမရှိစေရန်အတွက် ယင်းအမိန့်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။

အုန်းလက်မဏ္ဍပ်၊ ကလေးသင်္ကြန်မဏ္ဍပ်နှင့် မည်သည်ရေပက်ခံမဏ္ဍပ်ကိုမျှ ဆောက်လုပ်ရေကစားခြင်းမပြုရန်နှင့် ရေပက်ခံယာဉ်များ၊ သုံးဘီးယာဉ်များ၊ ဆိုင်ကယ်များဖြင့် အုပ်စုဖွဲ့ လှည့်လည်ရေကစားခြင်းများကို မပြုလုပ်ရဟု ထုတ်ပြန်ချက်တွင် အချက် ၁၀ ချက်ခန့် ဖော်ပြထားသည်။

မော်တော်ယာဉ်၊ ဆိုင်ကယ်များ၊ စက်တပ်ယာဉ်များတွင် ပါဝါအိတ်ဇောတပ်၍ မောင်းနှင်ခြင်း၊ ပြိုင်မောင်းခြင်း၊ အရှိန်ပြင်းစွာမောင်းနှင်ခြင်း၊ နံပါတ်ပြားမရှိဘဲ မောင်းနှင်ခြင်း၊ မူးယစ်သောက်စားကာ မောင်းနှင်ခြင်းနှင့် အမျိုးသမီးများအား ကာယိန္ဒြေပျက်ပြားစေနိုင်သော အပြုအမူများ မပြုလုပ်ရဟု အမိန့်စာတွင် ဖော်ပြပါရှိသည်။

ယင်းအပြင် မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သော ဝတ်စားဆင်ယင်မှုများ၊ သူတစ်ပါးအား ထိခိုက်စေသော အပြုအမူ အပြောအဆိုများကို မပြုလုပ်ရန်နှင့် အားကစားကွင်း၊ ပန်းခြံနှင့် အများပြည်သူသွားလာနိုင်သည့် အခြားနေရာများတွင် စုဖွဲ့ကာ အပန်းဖြေအနားယူခြင်းများကိုလည်း မပြုလုပ်ရဟူ၍ တားမြစ်ထားသည်။

လိုက်နာခြင်း ရှိမရှိကို ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များက စောင့်ကြပ်ကြည့်ရှုသွားမည်ဖြစ်ကြောင်း ထားဝယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဝင်းက ပြောသည်။

“ညကျရင်လည်း မိုက်တွေနဲ့ အော်ခိုင်းထားတယ်၊ လမ်းအလိုက် လိုက်အော်ဖို့ ပြောထားတယ်”ဟု ဦးအောင်ဆန်းဝင်းက ဆိုသည်။
ယင်းအမိန့်ကို မလိုက်နာပါက ရာဇသတ်ကြီး ဥပဒေ၊ ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေး ဥပဒေ၊ သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေတို့ဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တနင်္သာရီတိုင်းအစိုးရအဖွဲ့ကမူ ရေမကစားရန် မေတ္တာရပ်ခံထားသည်။

မိုးမြင့်