COVID-19 တနင်္သာရီတိုင်းမှ နောက်ဆုံးရသတင်းများ(မတ် ၂၆၊ ညနေ၆နာရီ)

0
692

🔳 ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးလုပ်ငန်းများအတွက် စေတနာ့၀န်ထမ်း ဖိတ်ခေါ်

ထား၀ယ်ဒေသတွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးလုပ်ငန်းများအတွက် စေတနာ့၀န်ထမ်း ဖိတ်ခေါ်လျက် ရှိသည်။

စေတနာ့ဝန်ထမ်းအဖြစ် လုပ်ကိုင်လိုသူများသည် ကျန်းမာရေးဝန်ထမ်းအား အကူအညီပေးခြင်း၊ အချက်အလက် ကောက်ယူခြင်း/စာရင်းသွင်းခြင်း၊ သီးသန့်စောင့်ကြည့်သည့်လုပ်ငန်း (Quarantine) တွင် အကူအညီပေးခြင်း၊ ပိုးသတ်ဆေးဖြန်းခြင်းနှင့် အသိပညာပေးခြင်း စသည့် လုပ်ငန်းများအနက် မိမိပါဝင်လိုသည့် လုပ်ငန်းများကို ရွေးချယ် စာရင်းပေးရမည်ဖြစ်သည်။

စာရင်းပေးလိုသူများသည် မဖြူစင်(၀၉ ၂၅၄၈၄၈၂၄၆)၊ မသိမ့်အိစံ(၀၉၇၈၉၂၁၉၈၁၄)၊ ဦးဇော်ညွှန့် (၀၉၄၅၀၉၉၀၉၃၈)၊ ကိုသော်လွင်အောင်(၀၉၄၂၆၀၁၀၁၀၀)တို့ထံတွင် စာရင်းပေးသွင်းနိုင်သည်။

🔳 ဆန်မပြတ်ကြောင်း အာမခံ

လက်ရှိဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ် ဂယက်ကြောင့် တနင်္သာရီတိုင်းအတွင်း ဆန်မပြတ်စေရေး အာမခံကြောင်း စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထွန်းက ပြောသည်။

ထို့အပြင် မတ်လ ၂၅ ရက်က တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာဝန်ကြီးနှင့် တွေ့ဆုံရာတွင်လည်း တိုင်းအတွင်း ဆန်မပြတ်စေရေး အာမခံချက်ပေးထားကြောင်း ဦးဝင်းထွန်းက ပြောသည်။

ထားဝယ်ခရိုင် ဆန်ကုန်သည်အသင်းဥက္ကဋ္ဌ ဦးနိုင်လွင်လတ်ကလည်း ဒေသအတွင်း ဆန်ပြတ်လပ်နိုင်သည့် အခြေအနေမရှိကြောင်း ပြောသည်။

“တောက်လျှောက်ဝင်နေတာပဲ၊ ဝယ်လိုအားများလွန်းလို့သာ ဆန်က လုံလောက်မှုမရှိဘူးလို့ မြင်(ထင်နေ)တာ၊ သူတို့လက်ထဲမှာ ပြည့်သွားရင် ပိုလျှံသလောက်ကို ဖြစ်သွားမှာ”ဟု ဦးနိုင်လွင်လတ်က ပြောသည်။

🔳 ကုန်ပစ္စည်းအဆမတန် ဈေးတင်ရောင်းက ဖုန်းဆက်တိုင်ပါ

တနင်္သာရီတိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ်အရေး အကြောင်းပြကာ ကုန်ပစ္စည်းဈေးနှုန်းကို အဆမတန် တင်ရောင်းပါက စားသုံးသူရေးရာဦးစီးဌာနထံ ဖုန်းဆက်တိုင်ကြားနိုင်ကြောင်း သိရသည်။

အထက်ပါဌာန၏ တိုင်းဒေသကြီးဦးစီးမှူး၏ ၀၉၅၁၂၇၃၈၇ ၊ ၀၅၉၂၀၂၁၀၅၆ ၊ ၀၅၉၂၀၂၁၂၀၄ ထံ ဆက်သွယ်တိုင်ကြားနိုင်သည်။
ကိုရိုနာအရေးဖြစ်ပြီးနောက်ပိုင်း အခြေခံစားသောက်ကုန်ဈေးနှုန်း အပါအဝင် အခြားရောဂါကာကွယ်ရေး ပစ္စည်းများ ဈေးမြင့်တက်နေသည်။

🔳 မြိတ်မှာ ကာရာအိုကေတွေ ပိတ်

မြိတ်မြို့ရှိ ကာရာအိုကေ(KTV)များ၊ စင်တင်တေးဂီတဆိုင်များနှင့် ကျန်းမာရေးစင်တာ Gym ခန်းမများအား ဧပြီလ ၃၀ ရက်အထိ ပိတ်ထားရမည်ဖြစ်ကြောင်း မြိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မတ်လ ၂၄ ရက်တွင် ထုတ်ပြန်လိုက်သည်။

🔳 ရနောင်း-ကော့သောင်းလမ်းမှ ဝင်လာသည့် ပြည်တော်ပြန် ၃၀၀ ကျော်ကိစ္စ

ရနောင်း-ကော့သောင်းလမ်းမှတစ်ဆင့် ထိုင်းနိုင်ငံမှ မြန်မာပြည် ပြန်ဝင်လာသူ ၃၀၀ ကျော်ကို မိမိနေအိမ်တွင်သာ နေထိုင်ခိုင်းပြီး စောင့်ကြည့်ရန် ဆုံးဖြတ်ပြီး နေရပ်ပြန်ခွင့်ပြုလိုက်ကြောင်း ကော့သောင်းခရိုင် COVID-19 ရောဂါကူးစက်မှုကာကွယ်ထိန်းချုပ်၊ ကုသရေး ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ (ခရိုင်အုပ်ချုပ်ရေးမှူး) ဦးနေဦးက ပြောသည်။

၎င်းတို့ကို သီးသန့်ကားများဖြင့် ပို့ဆောင်မည် ဖြစ်သည်။

မတ်လ ၂၄ ရက်က ပြန်ဝင်လာသူ ၃၁၆ ဦးအနက် ၂၀၀ ဝန်းကျင်မှာ အခြားတိုင်းနှင့်ပြည်နယ်အသီးသီးမှ ဖြစ်သည်။

၎င်းတို့ကို ကော့သောင်းရှိ ယာယီဂေဟာ ၄ ခုတွင် ၃ ရက်တိုင်တိုင် စောင့်ကြည့်ကာ အဖျားတိုင်းတာပြီး အပူချိန် မြင့်တက်မှု မရှိသည့်အတွက် ယင်းသို့ ပြန်ခွင့်ပြုခြင်းဖြစ်ကြောင်း သိရသည်။

🔳 ကိုရိုနာအရေးပေါ်အတွက် တပ်မတော် အသင့်ပြင်ထား

ကိုရိုနာဗိုင်းရပ်ကာကွယ်ရေးအတွက် တပ်မတော်ကလည်း အဆင်သင့် ပြင်ဆင်ထားပြီးဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ဇေယျက ပြောသည်။

ကိုရိုနာဗိုင်းရပ်ကာကွယ်ရေး အရေးပေါ်အခြေအနေအတွက် တနင်္သာရီတိုင်းအတွင်းရှိ တပ်မတော်ဆေးရုံများ သာမက မြန်မာနိုင်ငံတဝှမ်းလုံးရှိ တပ်မတော်ဆေးရုံများကိုပါ အသင့် ပြင်ဆင်ထားပြီး ဖြစ်ကြောင်း ဗိုလ်မှူးကြီး ကျော်ဇေယျက ပြောသည်။

🔳 ထိုင်းမှ မြိတ်မြို့သို့ ရောက်လာသူ ၃၄ ဦး စောင့်ကြည့်ရေးစခန်းတွင် ထား

ထိုင်းနိုင်ငံမှ မြိတ်မြို့သို့ ရောက်ရှိလာသူ အမျိုးသားအမျိုးသမီး ၃၄ ဦးအား စောင့်ကြည့်ရေးစခန်းတွင်ထားကာ စောင့်ကြည့်လျက်ရှိကြောင်း မြိတ်ခရိုင် COVID 19 ကာကွယ်ရေးပူးပေါင်းကော်မတီနှင့် ကလွင်ကျေးရွှာအုပ်စု အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

မတ်လ ၂၆ ရက်က ကော့သောင်းမြို့မှ မြိတ်မြို့သို့ ရောက်ရှိလာသည့် ကားအားစစ်ဆေးရာ ထိုင်းနိုင်ငံမှ ဝင်ရောက်လာသူ ၃၄ ဦးအား တွေ့ရှိခဲ့ရသဖြင့် စောင့်ကြည့်ရေးစခန်းအဖြစ်ပြုလုပ်ထားသည့် ကလွှင်ကျေးရွာအုပ်စု၊ အေးရိပ်ချောင်သာသနာ့ရိပ်သာ ဘုန်းတော်ကြီးကျောင်းတွင်ထားကာ စောင့်ကြည့်ခြင်းဖြစ်ကြောင်း သိရသည်။

အများစုမှာ မြိတ်မြို့နေသူများဖြစ်ပြီး ၁၀ ဦးမှာ ကျွန်းစုမြို့နယ်အတွင်း နေထိုင်သူများဖြစ်သည်။

လက်ရှိအချိန်တွင် ကျန်းမာရေးကောင်းမွန်လျက်ရှိနေကြောင်း အထက်ပါ အုပ်ချုပ်ရေးမှူး ဦးရန်နိုင်စိုးက ပြောသည်။

“ဘယ်နှစ်ရက်လောက်ထားမလဲဆိုတာကတော့ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ ဆေးရုံအုပ်ကြီးတို့ အစီအမံနဲ့ သူတို့ကျန်းမာရေးအပေါ် မူတည်ပြီးတော့ ဆောင်ရွက်သွားမယ်”ဟု ဦးရန်နိုင်စိုးက ပြောသည်။

Dawei Watch