ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုးတွေ့ရှိသူ နှစ်ဦး ထပ်တွေ့

0
327

မြန်မာနိုင်ငံတွင် ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုးတွေ့ရှိသူ နှစ်ဦး ထပ်တွေ့ကြောင်း ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနက ယနေ့ နံနက် ၂ နာရီ၀န်းကျင်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ ပိုးတွေ့သူနှစ်ဦးအနက် တစ်ဦးမှာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် နေထိုင်သော အမေရိကန်နိုင်ငံသား ခံယူ ထားသော မြန်မာလူမျိုး၊ အသက် (၃၃) နှစ်ရွယ် အမျိုးသားဖြစ်သည်။

အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ (၁၉-၃-၂၀၂၀) မတ်လ ၁၉ ရက်နေ့တွင် ပြန်လည် ရောက်ရှိခဲံ့သူ ဖြစ်သည်။

နောက်တစ်ဦးမှာ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နေထိုင်သော အသက် (၆၉) နှစ် အရွယ် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးဖြစ်ပြီး နှာခေါင်းကင်ဆာရောဂါကို ဩစတြေးလျ နိုင်ငံတွင် (၁) လခန့် ဆေးကုသမှုခံယူခဲ့ပြီး မြန်မာနိုင်ငံသို့ အပြန်တွင် စင်္ကာပူနိုင်ငံ၌ (၄) ရက်ခန့် နေထိုင်ခဲ့သူ ဖြစ်သည်။

အဆိုပါ လူနာများနှင့် ထိတွေ့ခဲ့သူများ အားလုံးကို စုံစမ်းဖော်ထုတ်၍ အသွားအလာကန့်သတ်ကာ စောင့်ကြပ်ကြည့်ရှုသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါဓာတ်ခွဲ အတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သည့် ပြည်သူလူထု အနေဖြင့်လည်း နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်အကြောင်းကြားစေလိုကြောင်း ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

လက်ရှိတွင် မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ် ရောဂါပိုး တွေ့ရှိသူ ၅ ဦးအထိ ရှိလာပြီဖြစ်သည်။