ထားဝယ် ကမ်းခြေများ တစ်လကျော် ပိတ်မည်

0
1134

ကမ္ဘာအနှံ့ဖြစ်ပွားလျက်ရှိသော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ ကိုဗစ်နိုင်တင်းရောဂါ ကူးစက်ရောဂါ ပျံ့ပွားခြင်း မရှိစေရန် ထားဝယ်ခရိုင်အတွင်းရှိ လူအသွားအလာများသော ကမ်းခြေများကို မတ်လ ၂၇ ရက်နေ့မှ စ၍ ပိတ်သိမ်းရန် အစိုးရက ညွှန်ကြားလိုက်သည်။

ပိတ်သိမ်းလိုက်သော ကမ်းခြေများတွင် လောင်းလုံးမြို့နယ် အတွင်းရှိ နာမည်ကျော် မောင်းမကန်၊ စမ်းလှမ်း၊ တီဇစ်၊ ပညစ်၊ ဆင်ထောက်၊ ဖိုးဖိုးကျောက်၊ မြင်းခွာအော်၊ ပါရဒိုက် ကမ်းခြေများ အပါအဝင် ထားဝယ်ခရိုင်အတွင်းရှိ ကမ်းခြေအားလုံး ပါဝင်သည်။

မတ်လ ၂၇ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့ အထိ ယာယီ ပိတ်သိမ်းလိုက်ခြင်း ဖြစ်သည်။

ရပ်ဝေးမှ ခရီးသွားများ လူစုလူဝေးဖြင့် လာရောက်မည်စိုးသောကြောင့် ထိုသို့ ပိတ်သိမ်းရန် ညွှန်ကြားလိုက်ခြင်း ဖြစ်ကြောင်း ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက Dawei Watch သို့ ပြောကြားသည်။

အဓိကအားဖြင့် ကမ်းခြေများတွင် ရောင်းချနေသော ဆိုင်များ ပိတ်သိမ်းရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

သို့သော် ဒေသခံရွာသားများ လုပ်ကိုင်စားသောက်ရန် ကမ်းခြေသို့ သွားလာခြင်းကိုမူ တားမြစ်ခြင်း မရှိပေ။

Dawei Watch