COVID-19 တနင်္သာရီတိုင်းမှ နောက်ဆုံးရ သတင်းများ (မတ် ၂၅၊ ညနေ ၆ နာရီ)

0
3707

ကိုရိုနာစောင့်ကြည့်လူနာ ငါးဦးရှိ

တနင်္သာရီတိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာ ငါးဦးရှိနေကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

မတ်လ ၂၅ ရက်နေ့အထိ ကော့သောင်းဆေးရုံတွင် ၂ ဦး၊ မြိတ်ဆေးရုံတွင် ၂ ဦးနှင့် ကံပေါက်ဆေးရုံတွင် ၁ ဦး ရှိကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

မြိတ်ဆေးရုံရှိ စောင့်ကြည့်လူနာနှစ်ဦးကို ဗိုင်းရပ်စ်ကူးစက်ခံရမှုရှိ/မရှိ ဓာတ်ခွဲစမ်းသပ်ရန် နမူနာများကို ရန်ကုန်မြို့ရှိ ဓာတ်ခွဲခန်းသို့ ဓာတ်ခွဲနမူနာများ ပို့ထားသည်။

ထား၀ယ်နှင့် ကော့သောင်းရှိ ဆေးရုံများတွင်မူ သီးခြားခွဲထားပြီး စောင့်ကြည့်နေကြောင်း ပြည်သူ့ကျန်းမာ/ ကုသရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာထွန်းမင်းက ဆိုသည်။


ရနောင်းကမ်းမှ လာသူများ လာရာလမ်းပြန်ရမည်

မြန်မာနိုင်ငံတောင်ဘက်စွန်းရှိ ကော့သောင်းမြို့ တစ်ဖက်ကမ်း ထိုင်းနိုင်ငံ ရနောင်းဆိပ်ကမ်း ထပ်ဖွင့်မည်မဟုတ်တော့ဘဲ ထိုင်းနိုင်ငံရေရာအနှံ့မှ မြန်မာပြည်ပြန်ရန် ရနောင်းသို့ရောက်လာသည့် မြန်မာများကို ၎င်းတို့လာရာမြို့သို့ ပြန်ပို့မည်ဟု ရနောင်းမြို့တော်ဝန်က ထုတ်ပြန်လိုက်သည်။

မတ်လ ၂၅ ရက်နေ့မှအစ ရနောင်းသို့ ရောက်လာသည့် မြန်မာများကို ၎င်းတို့လာရာမြို့သို့ ပြန်ပို့မည်ဟု ရနောင်းမြို့တော်ဝန်က ကြေညာခဲ့သည့်ဟု ရနောင်းမြို့အခြေစိုက် မိတ္တသဟာရ
နာရေးကူညီမှုအသင်း(ရနောင်းမြို့)၏ တာဝန်ခံ ကိုသားကျော်က ပြောကြားသည်။

“ပြန်ချင်တဲ့ မြန်မာတွေကို မပြန်ကြဖို့ပဲ ပြောချင်တယ်။ ကျွန်တော်တို့
လူမျိုးတွေအတွက်ပေါ့။ ဒီရောဂါပိုးက စစ်လည်း ချက်ချင်းပေါ်တာ မဟုတ်ဘူးလေ။
ပွဲစားစကား နားယောင်ပြီး ခိုးလမ်းတွေက မပြန်ကြပါနဲ့၊ ထိုင်းမှာက ဆေးဝါးလည်း ခေတ်မီပါတယ်၊ အခမဲ့လည်း ကုပေးပါတယ်လို့ ပြောချင်တယ်” ဟု ၎င်းကဆိုသည်။

မြိတ်တွင် ကုန်ပစ္စည်း အလွန်အကျွံ ဝယ်မစုရန် စည်းရုံးလှုံ့ဆော်

ပြည်သူများအနေနှင့် ကုန်ပစ္စည်းများအား အလွန်အကျွံ ဝယ်ယူစုဆောင်းခြင်းမပြုလုပ်ရန် မြိတ်ခရိုင်ကျောင်းသားများသမဂ္ဂက မတ်လ ၂၄ ရက်နေ့က စည်းရုံးလှုံ့ဆော်မှု တစ်ရပ် ပြုလုပ်ခဲ့သည်။

အဆိုပါစည်းရုံး လှုံ့ဆော်ပွဲတွင် ‘လိုသလောက်ပဲဝယ်ပြီး လူသားဆန်ကြရအောင်လား’၊
‘သင်၏အလွန်အကျွံ ဝယ်ယူစုဆောင်းမှုကြောင့် ငတ်သေမယ့် ဘဝကိုတွေးခေါ်ပေးပါ’၊
‘အရာရာတိုင်းကို အခြေခံလူတန်းစားများနှင့် မျှဝေသုံးစွဲခွင့်ရှိသည်’၊
‘ဝယ်မသိုနိုင်တဲ့အခါ ရောဂါမကူးခင်ငတ်သေကြရမှာလား’၊ ‘သင်၏
အလွန်အကျွံဝယ်ယူမှုကို ဆင်ခြင်ပါ’၊ ‘တိုးတက်နေတဲ့ ကုန်စျေးနှုန်းတွေရယ်
တခုခုကိုငေါကြေးမတတ်နိုင်တဲ့ ကျွန်တော်တို့မိသားစုရယ်’ စသည့် နှိုးဆော်စာသားများပါ နံရံကပ်စာစောင်များဖြင့့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ကုန်ဈေးနူန်းတက်သည့်ကိစ္စ

ကိုရိုနာဗိုင်းစ်ရပ်ဂရက်ကြောင့် တိုင်းအတွင်း ကုန်ဈေးနူန်း မြင့်တက်နေခြင်းအား မည်သို့ကိုင်တွယ်ဖြေရှင်မည်ကို တနင်္သာရီတိုင်းအစိုးရအစည်းအဝေးတွင် တင်ပြမည်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချိုက ပြောကြားသည်။

ထားဝယ်ဈေးကွက်တွက် အခြေခံစားသောက်ကုန်ဖြစ်သည့် ဆန်တစ်အိတ်ကို တစ်ထောင်ကျပ်မှ နှစ်ထောင်ကျပ်အကြား၊ စားသုံးဆီ တစ်လီတာ နှစ်ရာကျပ်ဝန်းကျင်၊ ကြက်သွန်နီ တစ်အိတ် နှစ်ရာကျပ်ဝန်းကျင် နှင့် ထိုင်းနိုင်ငံမှတင်သွင်းသည့် ကုန်ပစ္စည်းများ ဈေးတက်လျှက်ရှိသည်။

လတ်တလော နေပြည်တော် သို့ရောက်ရှိနေသော တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် မတ် ၂၆ ရက်တွင် ပြန်ရောက်မည်ဖြစ်ပြီး ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးခေါ်ရန် ရှိသည်။


ဘဏ်ပိတ်မည်မဟုတ်

ကိုရိုနာရောဂါပိုး ဂယက်ကြောင့် ဘဏ်များ ပိတ်မည်ဆိုခြင်းမှာ ကောလာဟလသာ ဖြစ်ပြီး အစိုးရရုံးဖွင့်ရက်အတိုင်း ပုံမှန်ဘဏ်လုပ်ငန်း ဝန်ဆောင်မူပေးနေမည်ဖြစ်ကြောင်း ထားဝယ်မြို့ရှိ ပုဂ္ဂလိက ဘဏ်များထံမှ သိရသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကလည်း ကိုရိုနာဂယက်ကြောင့် ငွေထုတ်မည့်သူများရှိလာနိုင်သဖြင့် ကြိုတင်ပြင်ဆင်ထားရန် ညွှန်ကြားထားပြီး ယင်းညွှန်ကြားချက်အတိုင်း ပြင်ဆင် လုပ်ဆောင်နေကြောင်း ဘဏ်တာ၀န်ရှိသူ အချို့ထံမှ သိရသည်။

Dawei Watch