အလှဓာတ်ပုံရိုက်ရန် သီးသန့် နေကြာခင်း စိုက်မည်

0
1346

နေကြားပန်းခူးရောင်းရန်အတွက် ရည်ရွယ်စိုက်ပျိုးထားသည့် နေကြာခင်း သည် တက္ကသိုလ်ကျောင်းသူ၊ ကျောင်း သားများအကြား အလှဓာတ်ပုံရိုက်ရန် ခေတ်စားလာသဖြင့် လာမည့်နှစ်တွင် အလှနေကြာခင်း သီးသန့်စိုက်ပျိုးမည် ဖြစ်ကြောင်း နေကြာခင်း ပိုင်ရှင်ဖြစ်သူ ဦးမျိုးဇော်က ပြောသည်။

လောင်းလုံးမြို့နယ် ထိန်တွင်းကျေးရွာရှိ နေကြာခင်းသည် တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားများ၊ အခြား လူငယ်များနှင့် မင်္ဂလာဆောင်မောင်မယ် များအကြားတွင် အလှဓာတ်ပုံရိုက်ရန် ဖေဖော်ဝါရီလ ပထမအပတ်ခန့်တွင် စတင်ခေတ်စားလာခဲ့ပြီး ခန့်မှန်းလူသုံး ဆယ်ဦးခန့် နေ့စဉ်လာရောက် ဓာတ်ပုံ ရိုက်ကူးနေကြောင်း ဦးမျိုးဇော်က ပြောသည်။

လွန်ခဲ့သည့် ခြောက်နှစ်ခန့် ကတည်းက နေကြာပန်းရောင်းရန် အတွက် စိုက်ပျိုးခဲ့သော်လည်း ယခုနှစ်မှ လူသိ များလာခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“မနက် နေထွက်တည်းက ဓာတ်ပုံ လာရိုက်တဲ့သူတွေ ညနေမိုးချုပ်တဲ့အချိန် အထိ ပြန်တော့လို့ ပြောတာတောင်မှ မပြန်ချင်ကြသေးဘူး”ဟု ၎င်းက ပြောသည်။

ယင်းသို့ လူသိများလာပြီးနောက် အလှဓာတ်ပုံလာရိုက်သူများသည် ပန်း ခင်းအတွင်း ဝင်ရောက်ကာ နေကြာပန်း များ ခူးယူသွားခြင်း၊ ပန်းပင်များကို နင်း ခြေပစ်ခဲ့ခြင်းတို့ဖြစ်ပေါ်ခဲ့ကြောင်း ၎င်းက ပြောသည်။

“နောက်နှစ်ဆိုရင်တော့ ပန်းရောင်း ဖို့အတွက်က တစ်ခင်း၊ အလှဓာတ်ပုံ ရိုက်ဖို့ကတစ်ခင်း သီးသန့်ခွဲပြီး စိုက်ပေးမယ်” ဟု ၎င်းက ပြောသည်။

သီးသန့်နေကြာပန်းခင်းစိုက်ပျိုး ပြီးပါက တစ်ဦးလျှင် ဝင်ကြေးအဖြစ် တစ်ဦးလျှင် ကျပ်ငါးရာခန့် ကောက်ခံ မည်ဖြစ်ကြောင်း ဦးမျိုးဇော်က ပြောသည်။

သရက်ချောင်းမြို့နယ် ဆင်ကူး ကျေးရွာတွင်ရှိသည့် နေကြာပန်ခင်းမှာ လည်း ယခုနှစ် လူငယ်များအကြားတွင် ရေပန်းစားနေပြီး အလှဓာတ်ပုံသွား ရောက် ရိုက်ကူးနေသည့် လူငယ်များ လည်းရှိနေသည်။

ကျော်သူစိုး