ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် မြန်မာ-ထိုင်းချစ်ကြည်ရေး ကုန်စည်ပြပွဲ ရက်ရွှေ့

0
617

ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် မြိတ်မြို့တွင် မတ်လဆန်း၌ ပြုလုပ်မည့် မြန်မာ-ထိုင်းနှစ်နိုင်ငံချစ်ကြည်ရေး ကုန်စည်ပြပွဲနှင့် လူသုံးကုန်၊ စားသုံးကုန်ပစ္စည်း များရောင်းချပွဲတော်အား ရက်ရွှေ့ဆိုင်းထားကြောင်း မြိတ်ကုန်တိုက်နှင့် မြိတ် ခရိုင်ကုန်သည်များနှင့်စက်မှု၊ လက်မှု လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

ယင်းကုန်စည်ပြပွဲကို ကမ်းနားလမ်း ရှိ မြိတ်ကုန်တိုက်တွင်မတ်လ ၆ ရက်မှ ၈ ရက်အထိ ပြုလုပ်ရန် စီစဉ်ထားခြင်း ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံရှိဌာနဆိုင်ရာများနှင့် အသင်း အဖွဲ့အစည်းတို့အား အစုအဖွဲ့ဖြင့် သွား ရောက်ခြင်းအား ခွင့်မပြုသည့်အတွက် ရက်ရွှေ့ထားရခြင်းဖြစ်ကြောင်းမြိတ် ခရိုင်ကုန်သည်များနှင့်စက်မှု၊ လက်မှု လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

ကုန်စည်ပြပွဲ ပြန်လည်ပြုလုပ်မည့် ရက် အတိအကျ မသိရသေးသော်လည်း မေလခန့်တွင် ပြန်လည်ကျင်းပနိုင်မည် ဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ပြောပြသည်။

မြန်မာ(မြိတ်ခရိုင်) နှင့်ထိုင်းနိုင်ငံ (ရာချာဘူရီခရိုင်) နှစ်နိုင်ငံချစ်ကြည်ရေး OTOP ကုန်စည်ပြပွဲနှင့် လူသုံးကုန်၊ စားသုံးကုန်ပစ္စည်းများ ဈေးရောင်းချပွဲ တော်တွင် ကုန်စည်ပြခန်းပေါင်း ငါးဆယ် ဝန်းကျင်ခန့်လာရောက်ပြသရန် စီစဉ်ထားကြောင်း သိရသည်။

ကုန်စည်ပြပွဲအားရက်ရွေ့ထားရ သော်လည်း မြိတ်ကုန်တိုက်တွင် စိန်နန်းတော် ရတနာရွှေဆိုင်၏ စိန်ရွှေရတနာ အထူး ဈေးရောင်းပွဲတော်ကို မတ်လ ၆ ရက်မှ စတင်ကျင်းပလျက်ရှိသည်။

မြင့်မိုရ်(မြိတ်)