တိုင်းနှင့်ပြည်နယ်အဆင့် လက်ဝှေ့ ပြိုင်ပွဲ ထားဝယ်က အိမ်ရှင်အဖြစ် ကျင်းပမည်

0
4364

အများအားဖြင့် တိုင်းနှင့်ပြည်နယ် အဆင့်ပြိုင်ပွဲများကို ရန်ကုန်နှင့် နေပြည် တော်တို့တွင် ကျင်းပနေခဲ့ရာ ယခုနှစ် တွင် တိုင်းနှင့်ပြည်နယ်အဆင့် လက်ဝှေ့ ပြိုင်ပွဲကို တနင်္သာရီတိုင်း ထားဝယ်မြို့တွင် ကျင်းပမည်ဖြစ်ကြောင်း တိုင်းအားကစား နှင့် ကာယပညာ ဦးစီးဌာနထံမှ သိရ သည်။

ယခုနှစ်တွင် တိုင်းနှင့်ပြည်နယ် အဆင့် အားကစား၂၈ နည်းကို ပြိုင်ပွဲ ၃၂ ပွဲဖြင့် ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲ ၁၃ ပွဲကို ရန်ကုန်အပါအဝင် တိုင်းနှင့် ပြည်နယ်များတွင် ကျင်းပမည်ဖြစ်ပြီး ကျန် ၁၉ ပွဲကို နေပြည်တော်တွင် ကျင်းပမည်ဖြစ်ကြောင်း အားကစားနှင့် ကာယပညာ ဦးစီးဌာနက ထုတ်ပြန်ထားသည်။

တိုင်းနှင့်ပြည်နယ်အဆင့် အားကစား ပြိုင်ပွဲများကို သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်များတွင် နေထိုင်သူများပါက ကြည့်ရှုနိုင်ရန်အတွက် ယင်းကဲ့သို့ အလှည့်ကျ ကျင်းပခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်း အားကစားနှင့် ကာယ ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပြောသည်။

ထားဝယ်မြို့တွင်ကျင်းပမည့် တိုင်းနှင့်ပြည်နယ်အဆင့် လက်ဝှေ့ပြိုင်ပွဲကို စက်တင်ဘာလတွင်ကျင်းပရန် စီစဉ် ထားသည်။

တနင်္သာရီတိုင်းသည် ၂၀၁၄ ခုနှစ် က တိုင်းနှင့်ပြည်နယ်အဆင့် ကြက်တောင် ရိုက်ပြိုင်ပွဲကို ထားဝယ်မြို့တွင် အိမ်ရှင် အဖြင့် လက်ခံကျင်းပခဲ့ဖူးပြီး ယင်းအချိန်က ကစားသမားများ တည်းခိုနေထိုင်ရေး အတွက် တက္ကသိုလ်ကျောင်းများကို အသုံးပြုခဲ့ရကြောင်း တိုင်းအားကစားနှင့် ကာယပညာ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယခုနှစ်တွင် အိမ်ရှင်အဖြင့် ကျင်းပမည့် လက်ဝှေ့ပြိုင်ပွဲမှာ အချိန်လိုသေးသဖြင့် နေရာထိုင်ခင်းကိစ္စ အသေးစိတ် မစီစဉ်ရသေးကြောင်း အထက်ပါ အားကစားဌာနထံမှ သိရသည်။

ကျော်သူစိုး