တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆို ခွင့်ကတ်ပြား ထုတ်မပေးပါက အရေးယူမည်

0
1235

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့် လျှောက်ထားသူ အားလုံးကို ဖြေဆိုခွင့် ကတ်ပြား ထုတ်မပေးပါက အရေးယူမည် ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန က ဖေဖော်ဝါရီ ဒုတိယအပတ်က တက္ကသိုလ်ဝင်တန်း ကြီးကြပ်ရေးမှူး သင်တန်းတွင် ကျောင်းအုပ်ကြီး များကို သတိပေးထားသည်ဟု တိုင်းပညာရေး မှူးရုံးထံမှ သိရသည်။

ပြီးခဲ့သည့်နှစ်က မင်္ဂလာဒုံမြို့နယ် အောင်ဆန်းသူရိယလှသောင်းကျောင်းတွင် အောင်နိုင်ခြေမရှိသည့် ကျောင်းသား၊ ကျောင်းသူများကို အပြင်ဖြေလုပ်ပစ် လိုက်သဖြင့် ယင်းကျောင်း၏ အောင်ချက် ရာခိုင်နှုန်းမှာ ထောင်တက်သွားပြီး ရန်ကုန်တိုင်းတွင် အောင်ချက်အကောင်း ဆုံးဆုကို ရရှိခဲ့သည်ဟု အထက်ပါဌာနမှ တိုင်းပညာရေးမှူး ဒေါ်မြင့်စိန်က ပြော သည်။

ယင်းသို့သောဖြစ်စဉ်များရှိသဖြင့် ဖေဖော်ဝါရီလတွင်ပြုလုပ်သည့် တက္ကသိုလ် ဝင်ခွင့်စာမေးပွဲ ကြီးကြပ်ရေးမှူးသင်တန်း တွင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးညွှန့် က ကျောင်းအုပ်ကြီးများကို ထပ်မံ သတိပေးခဲ့ခြင်းဖြစ်သည်ဟု ဒေါ်မြင့်စိန် က ပြောသည်။

ဖြေဆိုခွင့်တင်ထားသည့် ကျောင်း ရှိ ကျောင်းသားဦးရေစာရင်းကို မြန်မာ နိုင်ငံစာစစ်ဦးစီးဌာနက အတည်ပြုထား ပြီး ဖြစ်သောကြောင့် ကျောင်းအုပ်ကြီးမှ မိမိသဘောဖြင့် ပယ်ဖျက်ခွင့်မရှိကြောင်း နှင့် ဖြေဆိုခွင့်ကတ်ပြားထုတ်မပေးသူကို အရေးယူမည်ဟု သတိပေးထားကြောင်း အထက်ပါဌာနထံမှ သိရသည်။တက္ကသိုလ်ဝင်တန်းဖြေဆိုခွင့် ကတ်ပြားကို ဖေဖော်ဝါရီလ ၂၀ ရက်မှ စတင်ထုတ်ပေးနေပြီး စာမေးပွဲကျင်းပ မည့်နေ့အထိ ဖြေဆိုခွင့်ကတ်ပြား ထုတ် ပေးသွားမည်ဖြစ်ကြောင်း ထားဝယ် မြို့နယ် ဒုတိယပညာရေးမှူး ဦးကြည်ရှိန် က ပြောသည်။

တက္ကသိုလ်ဝင်တန်း ဖြေဆိုခွင့် လျှောက်ထားသည့် ကျောင်းသား ကျောင်း သူများသည် ဖြေဆိုခွင့်ကတ်ပြားကို သက်ဆိုင်ရာကျောင်းအုပ်ကြီးထံတွင် ထုတ်ယူရမည်ဖြစ်ပြီး ပြင်ပဖြေဆိုသူ များမှာ မိမိဖြေဆိုမည့် စာစစ်ဌာနရှိ ကြီးကြပ်ရေးမှူးထံတွင် ထုတ်ယူရမည် ဖြစ်ကြောင်း သိရသည်။

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို မတ်လ ၁၁ ရက်မှ ၂၀ ရက်အထိ ကျင်းပမည် ဖြစ်သည်။

တနင်္သာရီတိုင်းတွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ ၂၅၂၆၄ ဦးရှိကြောင်း အထက်ပါ ဌာနထံမှ သိရသည်။

Dawei Watch