သိမ်းဆည်းမြေကိစ္စ အစိုးရနှင့် လယ်သမား သဘောတူညီမှု မရသေး

0
390

ထားဝယ်မြို့ ဆန်းချီအနောက် တိုးချဲ့မြို့သစ်ရှိ သိမ်းဆည်းလယ် ကိစ္စ အတွက် လျော်ကြေးငွေရယူထားခြင်း မရှိသေးသော လယ်သမားခြောက်ဦးနှင့် တိုင်းအစိုးရအဖွဲ့ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး အပါအဝင် တာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်းခဲ့သော်လည်း သဘောတူညီမှု မရသေးကြောင်း ယင်း ညှိနှိုင်းပွဲ တက်ရောက်ခဲ့သူ အချို့ထံမှ သိရသည်။

တိုင်းအစိုးရဘက်က ယခင်က လယ်သမားခြောက်ဦးအား ကမ်းလှမ်း ခဲ့ဖူးသည့် လယ်သုံးဧကလျှင် ပေ လေး ဆယ်၊ ခြောက်ဆယ် မြေတစ်ကွက်ပေးမည့်အစား နောက်ထပ်မြေတစ်ကွက်ကို ထပ်တိုးပေးမည်ဟု ပြောဆိုခဲ့ကြောင်း ဦးညီညီထွန်းက ပြောသည်။

ဥပမာ ကိုးဧက အသိမ်းခံထားရသော လယ်သမားသည် ယခင်က ပေလေးဆယ်၊ ခြောက်ဆယ် မြေသုံးကွက်ရမည့်အစား ယခုမြေကွက်လေးကွက်၊ သုံးဧက အသိမ်းခံထားရသူသည် ယခင်က မြေကွက် တစ်ကွက်ရမည့်အစား ယခုနှစ်ကွက် စသည်ဖြင့် ရရှိမည်ဟု တိုင်းအစိုးရဘက် မှ ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။

သို့သော် သိမ်းဆည်းခံ လယ်သမား ခြောက်ဦးကမူ တိုင်းအစိုးရဘက်မှ အထက်ပါ အတိုင်း ကမ်းလှမ်းချက်သည် အစိုးရက ချမှတ်ထားသည့် သိမ်းဆည်းမြေများပြန် လည်စိစစ်ရာတွင် လိုက်နာရမည့် မူဝါဒ ၅၂ နှစ်ချက်နှင့် ကိုက်ညီခြင်းမရှိဟုဆိုကာ ယင်းကမ်းလှမ်းချက်ကို လက်မခံခဲ့ ကြောင်း အဆိုပါ ညှိနှိုင်းပွဲတက်ရောက် ခဲ့သူ ဒေါ်သန္တာစိုးက ပြောသည်။

သိမ်းဆည်းလယ်ယာမြေများနှင့် ပတ်သတ်ပြီးချမှတ်ထားသည့် မှုဝါဒ ၅၂ နှစ်ချက်အရဆိုပါက အစိုးရက အသုံးပြုထားပြီး မြေများကို လျော်ကြေးပေးအပ် ရမည်ဖြစ်ပြီး အသုံးမပြုသေးသောမြေ များကို မူလပိုင်ရှင်များထံသို့ ပြန်စွန့်လွှတ် ပေးရမည်ဖြစ်သည်။

“ကျွန်မတို့ကတော့ အစိုးရက ချမှတ်ထားတဲ့ မူဝါဒအတိုင်းပဲ လုပ်စေချင်တယ်။ ဒီလိုမျိုး မူထဲက မဟုတ်ဘဲလုပ်နေ မယ်ဆိုရင် ဒီကိစ္စက ပြီးပြတ်နိုင်မှာ မဟုတ်ဘူးလို့ ထင်တယ်”ဟု ဒေါ်သန္တာစိုး က ဆိုသည်။

ဖေဖော်ဝါရီလ ၁၈ ရက်က ညှိနှိုင်း ခဲ့ရာတွင် နှစ်ဘက်သဘော တူညီမူမရသဖြင့် နောက်ထပ် ထပ်မံတွေ့ဆုံညှိနှိုင်း ကြရန် သဘောတူထားကြောင်း ယင်းလယ်သမားများက ပြောသည်။

ထားဝယ်မြို့ ဆန်းချီအနောက် တိုးချဲ့သစ်အတွက် သိမ်းဆည်းမြေကိစ္စ နှင့်ပတ်သက်ပြီး ပြီးခဲ့သည့် ဇန်နဝါရီလ ၇ ရက်က ယင်းလယ်သမားခြောက်ဦးနှင့် ထားဝယ်ခရိုင် အထွေထွေအုပ်ချုပ်ရေး အဖွဲ့တို့ ညှိနှိုင်းခဲ့စဉ်ကတည်းက ပြေလည်မှုမရခဲ့သဖြင့် လယ်သမားများက တိုင်းအစိုးရအဖွဲ့နှင့် တွေ့ဆုံခွင့်တောင်းခံခဲ့ခြင်း ဖြစ်သည်။

ကျော်သူစိုး