ကိုရိုနာဗိုင်းရပ်စ်ဂယက် မြိတ်ရေထွက်ကုန် လုပ်ငန်းခွင် အခက်

0
5705

တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ကိုရိုနာ ဗိုင်းရပ်စ် စတင်ဖြစ်ပွားပြီး သီတင်းနှစ်ပတ် အကြာ မြိတ်ဒေသမှ ရေထွက်ကုန်အချို့ ဈေးထိုးကျခဲ့သည်။

ကင်းမွန်ငါးဖမ်းလှေတချို့ ရပ်နား လိုက်ရသည်။ ဒါဇင်နှင့်ချီသည့် ကင်းမွန် ပြုတ်ခြောက် အလုပ်ရုံများလည်း ယာယီ ပိတ်လိုက်ရသည်။

တရုတ်လူမျိုးများ ကြိုက်နှစ်သက် ကြသည့် မြိတ်ဒေသထွက် ပကန်းခေါ် ကင်းပုစွန်က ကိုရိုနာ ဗိုင်းရပ်စ် မဖြစ်ခင် တစ်ကီလို ကျပ်ရှစ်သောင်းအထိရှိသော်လည်း ၁၅ ရက်အတွင်း တစ်ကီလို ကျပ်တစ်သောင်းခွဲမှ ကျပ်တစ်သောင်း ရှစ်ထောင်ဈေးသာ ကျန်တော့သည်။

ကျောက်ပုစွန်ဟုခေါ်သည့် ပဂဲကလည်း ထိုနည်းလည်းကောင်း။ တစ်ကီလို ကျပ်ခြောက်သောင်းမှ ယခုအခါ ကျပ် နှစ်သောင်းပင် ဈေးမရှိတော့။

ပင်လယ်ချောင်းမြောင်း ဒီရေတော အတွင်းက ဖမ်းယူရရှိသည့် ကဏန်းမည်း များသည်လည်း တစ်ပိဿာ ကျပ်နှစ်သောင်းရှစ်ထောင် ပုံမှန်ဈေးရှိရာမှ ယခု အခါ နှစ်သောင်းနှစ်ထောင်အထိသာ ဈေးအမြင့်ဆုံးရသည်။

အထိနာဆုံးမှာ တရုတ်လူမျိုးများ လာရောက်လုပ်ကိုင်ပြီး တရုတ်ပြည်သို့ သီးသန့် တင်ပို့နေသည့် ကင်းမွန်ပြုတ်ခြောက် အလုပ်ရုံများပင်။

လက်ရှိအချိန်မှာ ယင်းအလုပ်ရုံများ ယာယီရပ်ဆိုင်း ထားရသည့် အခြေအနေ ဆိုက်နေရသည်မှာ တစ်လနီးပါး ရှိလာနေပြီ ဖြစ်သည်။

ဈေးကွက်အတွင်း ကင်းမွန်အစိမ်း ဈေးက သိသိသာသာ ကျသွားခြင်း မရှိ ပေ။ ယခင်ဈေးအတိုင်း တစ်ဗန်းလျှင် ကျပ် ရှစ်သောင်းနှင့် ကိုးသောင်းကြား ရှိနေသေးသည်။ သို့သော် ကင်းမွန်ပြုတ် ခြောက်များက နယ်စပ်ဖြတ်ကျော်ခွင့် မရသည့်အတွက် ရန်ကုန်တွင် သောင် တင်နေသလို မြိတ်တွင်လည်း သိုလှောင် ထားမည့်နေရာက သူတို့တွင် မရှိတော့။

“ပစ္စည်းတွေက ထားစရာနေရာ မရှိတော့ဘူးဆိုတော့ နောက်ထပ်ဝယ်ဖို့ ကလည်း အဆင်မပြေတော့ဘူး။ အဲဒီ တော့ အဝယ်လည်း ရပ်ထားရတာပေါ့”ဟု ကင်းမွန်ပြုတ်ခြောက် ထုတ်လုပ်သည့် LG အလုပ်ရုံမှ မန်နေဂျာ ဦးရဲလင်းက ပြောသည်။

ကိုရိုနာ အဆုတ်ရောင်ဗိုင်းရပ်စ် ပိုးသစ်တစ်မျိုးကို တရုတ်နိုင်ငံအလယ် ပိုင်းရှိ လူဦးရေ ၁၁ သန်းကျော်နေထိုင် သည့် ဝူဟန်မြို့တွင် ဒီဇင်ဘာလအတွင်း က စတင်တွေ့ရှိခဲ့သည်။

ဖေဖော်ဝါရီ ၂၂ ရက်အထိ ယင်း ဗိုင်းရပ်စ်ကြောင့် ကမ္ဘာပေါ်တွင် သေဆုံးသူ ၂၂၄၈ ဦးရှိနေပြီး၊ ကူးစက်ခံရသူဦးရေ ၇၆၀၀၀ ကျော်ရှိကြောင်း RFA သတင်း ဌာနတွင် ဖော်ပြသည်။

မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီး ဌာန စာရင်းအရ မြန်မာနိုင်ငံတွင် သံသယရှိလူနာ ၂၁ ဦးရှိပြီး ကူးစက်ခံရ သူမရှိသေးကြောင်း အထက်ပါ သတင်းဌာနတွင် ဖော်ပြသည်။

ယင်းကြောင့် တရုတ်ပြည်ရှိလူဦး ရေ သန်း ၅၀၀ ခန့် အိမ်အပြင်မထွက်ရဲ ဖြစ်နေပြီး တရုတ်နိုင်ငံရှိ မြို့ကြီး ၄၈ မြို့ကိုလည်း တရုတ်အာဏာပိုင်များက အဝင်အထွက် ပိတ်ထားသည်။

ဗိုင်းရပ်စ်ဂယက်ကြောင့် မြိတ်ဒေသ ရှိ အမျိုးသမီး ၄၀ ဦးမှ အများဆုံး ၈၀ ဦးခန့် အလုပ်လုပ်နေရသည့် ကင်းမွန် ပြုတ်ခြောက် အလုပ်ရုံ ၁၅ ရုံထက် မနည်းသည်လည်း ယခုအခါ အလုပ်ရပ် ဆိုင်းထားရပြီး ရုံစောင့်သည့် မိသား တစ်စုနှင့် တိတ်ဆိတ်နေသည့် အဆောက် အဦများသာ ကျန်တော့သည်။

အလုပ်ရုံအားလုံးက မြိတ်မြို့၊ အင်းလေးမြိုင်စက်မှုဇုန်အတွင်း ရှိကြပြီး ယခုအခါ အလုပ်ရုံ နှစ်ရုံခန့်တွင်သာ နေ့စား အလုပ်သမ လေးငါးယောက် ရှိနေတော့သည်။

ယခင်က မီးခိုးတထောင်းထောင်း နှင့် လာသမျှ ကင်းမွန်များအား ထည့် ပြုတ်နေသည့် မီးဖိုကြီးများက ယခုအခါ အေးစက်နေသလို ကင်းမွန်လှန်းသည့် ဗန်းများကလည်း ဟိုတစ်ပုံဒီတစ်ပုံ ရှိနေကြသည်။

“အလုပ်သမတွေက အလုပ်မလုပ် ရတာ ကြာပြီ။ ဘယ်အချိန် ပြန်လုပ်ရမှန်း မသိတော့ဘူး”ဟု ရုံစောင့်မိသားစုဝင် အမျိုးသမီးက သမံတလင်းပေါ်ထိုင်ပြီး ကင်းမွန်လှန်းသည့် ဗန်းမှပိုက်ကို ဖာထေးနေရင်း ပြောသည်။

ကင်းမွန်ပြုတ်ခြောက် လုပ်ငန်းရှင် ၉၅ ရာခိုင်နှုန်းက တရုတ်နိုင်ငံသားများ ဖြစ်ကြပြီး လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခု ကျော် ကတည်းက မြိတ်တွင်လာရောက် အခြေစိုက်ကာ ဝယ်ယူရရှိသည့် ကင်းမွန် များအား ၎င်းတို့နိုင်ငံသို့ တင်ပို့နေကြ ခြင်း ဖြစ်သည်။

အလုပ်ရုံတွင် အလုပ်သမားများကို နေ့စားအဖြစ်သာ ခန့်ထားကြပြီး အမျိုး သမီးတစ်ဦး တစ်နေ့ လုပ်အားခ ကျပ်ခြောက်ထောင်နှင့် အမျိုးသား ကျပ်ရှစ်ထောင် ရရှိကြောင်း မန်နေဂျာနှင့် အလုပ်သမားများက ပြောပြသည်။

“ကင်းမွန်ရုံမှာ အလုပ်က မရှိတော့ အခုပန်းရန်အလုပ်ကြမ်း ဝင်လုပ်နေရ တယ်။ နေ့တိုင်းစားဖို့က လိုသေးတယ်လေ”ဟု ကင်းမွန်ရုံမှ လတ်တလော အလုပ်ရပ်နားခဲ့ရသည့် အသက် ၃၆ နှစ် ရှိ မသီ၏ မိခင်က နှစ်နှစ်အရွယ်မြေးလေးကို ထမင်းခွံ့ကျွေးရင်း ပြောသည်။

ကင်းမွန်အကောင်ကြီးအရွယ်များကိုတော့ အဝယ်လုံး၀ ရပ်နားထားပြီး အကောင်သေးများကိုတော့ မိတ်မပျက် အောင် အနည်းအကျဉ်း ဝယ်ယူပေးနေကြောင်း ကင်းမွန်ပြုတ်ခြောက်ဒိုင်မှ မန်နေဂျာ ဦးရဲလင်းက ပြောပြသည်။

ကင်းမွန်ပြုတ်ခြောက် အလုပ်ရုံများ ရပ်နားထားရသော်လည်း ကင်းမွန်အစို များမှာ မြိတ်မှ အအေးခန်းကားများဖြင့် မောတောင်နယ်စပ်သို့ သွားရောက်၍ ပုံမှန်ရောင်းချနေသေးသလို ရေလမ်း ကြောင်းမှလည်း ထိုင်းနိုင်ငံသို သွားရောက် လျက် ရှိနေကြကြောင်း ကင်းမွန်လုပ်ငန်း ရှင် အသိုင်းအဝိုင်းမှ သိရသည်။

ကင်းမွန်ပြုတ်ခြောက်ရုံ ပိတ်လိုက် သည့်အတွက် အစားအသောက်ရောင်းချ သည့် ဆိုင်များ ဈေးရောင်းအား သုံးပုံ နှစ်ပုံခန့် ကျသွားကြောင်း စက်ရုံများ အနီး ထမင်းဟင်းနှင့်ကတ်ကြေးကိုက် ရောင်းချသည့် မအေးက ပြောပြသည်။

“နွေခေါင်ခေါင် အချိန်မိုးတွင်းကြီး ဈေးရောင်းနေရသလိုပဲ။ ဈေးက မရောင်း ရတော့ဘူး”ဟု ၎င်းက ကော်ဖီမစ်တစ်ထုပ် နှင့် အငွေ့တလူလူထနေသည့် ရေနွေးပူပူတစ်ခွက် လာချရင်း ညည်းသည်။

ကိုရိုနာဗိုင်းရပ်စ် ဂယက်ကြောင့် ကင်းမွန်၊ ပကန်း(ကင်းပုစွန်)၊ ပဂဲ(ကျောက် ပုစွန်)စသည့် ရေထွက်ပစ္စည်းများ ဈေး ကွက် ထိခိုက်ခဲ့သော်လည်း ပြည်တွင်း နှင့် ထိုင်းနိုင်ငံသို့သာ တင်ပို့သည့် ငါး ဈေးနှုန်းများ ထိခိုက်မှု သိပ်မရှိကြောင်း ငါးဖမ်းလုပ်ငန်းရှင် အသိုင်းအဝိုင်းက ဆိုသည်။

“ငါးကတော့ တခြားပစ္စည်းတွေ လို ထိုးကျသွားတာ မရှိဘူး။ တစ်ထောင် နှစ်ထောင်လောက် ဈေးကစားသွားတာပဲ ရှိတယ်”ဟု ရေလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးအေးမင်းက ပြောသည်။

မြိတ်တွင် ကျောက်ပုစွန်(ပဂဲ)နှင့် ကင်းပုစွန်(ပကန်း)ရောင်းဝယ်ဒိုင် ရှစ်ခု ခန့်ရှိပြီး လက်ရှိအချိန်တွင် ဒိုင်ငယ် အများစုမှာ ရပ်နားထားရသည်ဟု ယင်း ပစ္စည်းများအား အကြီးအကျယ် ရောင်း ဝယ်ဖောက်ကားသူ မြိတ်မြို့၊ ကန်ဖျား ရပ်နေ ဦးနောင်မဲက ပြောပြသည်။

“လောလောဆယ် ကိုယ့်ဖောက် သည်တွေ အခက်အခဲ မကြုံရအောင်ပဲ ထိန်းပြီး ဝယ်ပေးနေရတဲ့ အခြေအနေမှာ ရှိနေတယ်”ဟု ၎င်းက ပြောသည်။

မြိတ်ဒေသမှထွက်သည့် ယင်း ပစ္စည်းများကို မြိတ်မှလေကြောင်းဖြင့် ရန်ကုန်သို့ပို့ဆောင်ပြီး ရန်ကုန်မှတစ်ဆင့် တရုတ်ပြည်၊ ကွမ်ကျိုး၊ ရှန်ဟဲ၊ ဝူဟန် စသည့်မြို့ကြီးများသို့ တင်ပို့လေ့ ရှိကြောင်း ၎င်းက ပြောပြသည်။

ကင်းမွန်များကို ပင်လယ်ပြင်အတွင်း စက်တင်ဘာလမှ ဧပြီလအထိ ဖမ်းယူရရှိ ကြပြီး မြိတ်ကျွန်းစုအတွင်း ဖမ်းဆီးသည့် လှေ နှစ်ထောင်နီးပါးခန့်ရှိကြောင်း မြိတ် ခရိုင် ကင်းမွန်လှေရှင်များအသင်းမှ သိရသည်။

“ကိုရိုနာဗိုင်းရပ်စ် ပြဿနာ ဘယ် တော့ပြီးဆုံးမလဲ။ ဘယ်အချိန် ပြန်အလုပ် ဆင်းနိုင်မှာလဲ”
ယင်းမေးခွန်း၏ အဖြေကို အလုပ် သမလေးများ မနက်မိုးလင်း အိပ်ရာထတိုင်း သိချင်နေကြသည်။

သို့သော် လတ်တလော ဖြေကြား နိုင်သူက မရှိသေး။

ကင်းမွန်အလုပ်ရုံတွင် နှစ်ပေါင်း များစွာ မန်နေဂျာအဖြစ် လုပ်ကိုင်လာ ခဲ့ပြီး ယခုလို အကျပ်အတည်းများ မကြုံ ရဖူးသည့် ဦးရဲလင်းက သက်ပြင်းတစ်ချက်ချရင်း ဆိုသည်။

“နယ်စပ်ဂိတ်တွေ ဘယ်အချိန် ပြန်ဖွင့်မလဲ အဲဒါကိုပဲ မျှော်နေရတာပေါ့”

ကိုဆန်း