သင်္ကြန်မတိုင်ခင် နိုင်ငံခြားအရက် အခွန်တိုးကောက်မည်

0
1409

နိုင်ငံခြားမှတင်သွင်းလာသည့် အရက် အမျိုးအစားအားလုံးကို သင်္ကြန်မတိုင်ခင် ဧပြီလ ၁ ရက်မှစပြီး အကောက်အခွန် တိုးမြှင့်ကောက်ခံတော့မည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဌာနက ဖေဖော်ဝါရီလ ၁၉ ရက်က ထုတ်ပြန်လိုက်သည်။

နိုင်ငံခြားအရက်များကို ယခင် လေးဆယ်ရာခိုင်နှုန်းမှ ငါးဆယ်ရာခိုင် နှုန်းသို့ တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း ထားဝယ်မြို့နယ် အကောက်ခွန် ဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြားသည်။

ပြည်တွင်းထုတ်လုပ်မူ တိုးတက် စေရန်နှင့် နိုင်ငံခြားငွေစီးဆင်းမှုကို ကာကွယ်ရန်အတွက် ပြည်သူတို့အတွက် မရှိမဖြစ် လိုအပ်သည့် ပစ္စည်းမဟုတ် သဖြင့် အကောက်ခွန် တိုးကောက် ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက် အမိန့် ကြေညာစာတွင် ဖော်ပြထားသည်။

“ပြည်တွင်းလုပ်ငန်းတွေ မထိခိုက် အောင် ကာကွယ်တဲ့အနေနဲ့ရော ကျန်းမာ ရေးကို ထိခိုက်စေနိုင်တဲ့ဟာတွေကို မသွင်းစေချင်လို့ အခွန်မြှင့်လိုက်တာ” ဟု ထားဝယ်မြို့နယ် အကောက်ခွန် ဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ထားဝယ်ဈေးကွက်တွင်မူ နိုင်ငံခြား အရက်ရောင်းချရခြင်း နည်းပါးပြီး ပြည်တွင်းထုတ်အရက်များကိုသာ အဓိက ရောင်းချ နေရကြောင်း ထားဝယ် မြို့တွင် ပြည်တွင်းနှင့် နိုင်ငံခြားအရက် နှစ်မျိုးစလုံး လက်လီ၊ လက်ကား ရောင်းချ နေသည့် ဆိုင်ပိုင်ရှင်တစ်ဦးက ပြော သည်။

“သူတို့က မူဝါဒအတိုင်း အခွန်တိုး တဲ့အပေါ်မှာတော့ ဘာမှ ပြောစရာမရှိ ပါဘူး။ ထားဝယ်မှာလည်း နိုင်ငံခြားအရက် ရောင်းရတာ နည်းပါတယ်။ အခွန်တိုးရင် ဈေးတိုးမှာဆိုတော့ တို့တွေကတော့ အရင်ကတည်းက မရောင်းရတာ အခုဆို ပိုမရောင်းရတော့ဘဲ ဖြစ်သွားမယ်။ ဒါပဲ ရှိတာပေါ့”ဟု အထက်ပါဆိုင်ပိုင်ရှင်က ဆိုသည်။

ဝန်ကြီးဌာနမှ နိုင်ငံခြားအရက်များ ကို အကောက်ခွန် တိုးမြှင့်ကြောင်း ကြေညာခဲ့သော်လည်း ယင်းကြေညာ ချက် ထွက်ပေါ်ပြီးနောက် ထားဝယ်ဈေး ကွက်တွင် ပြည်တွင်းထုတ် အရက်အမျိုး အစားအချို့ ရာဂဏန်း တက်လာကြောင်း ထားဝယ်ဈေးကွက်အတွင်းမှ သိရသည်။

ကျော်သူစိုး