လွတ်လပ်ရေးကျောက်တိုင်ရင်ပြင် မြေကာနံရံကို အင်ဂျင်နီယာက ငွေစိုက်ပြန်ပြင်ရမည်

0
829

ကော့သောင်း လွတ်လပ်ရေး ကျောက်တိုင် ရင်ပြင်ပြုပြင်ခြင်းနှင့် မြေကာနံရံပြုပြင်ခြင်းတွင် မြေကာနံရံ ဆောက်ပြီးမှ အပါ်ပိုင်း တစ်ဝက်နီးပါး ပြန်ဖျက်ခဲ့သည်။

မြေကာ အုတ်စီနံရံ ပြန်ဖျက်ခဲ့ရခြင်းမှာ ၁၀ ပေခန့်အမြင့်ကို တစ်ဆက်တည်း လုပ်ထားခြင်းကြောင့် မြေဖိအားကို မခံနိုင်ဘဲ လဲပြိုကျမည်ကို စိုးရိမ်ရသော ကြောင့်ဖြစ်ပြီး လှေကားထစ်ပုံစံလုပ်ရန် ပြန်ဖျက်ခြင်းဖြစ်ကြောင်း ကော့သောင်းမြို့နယ် စည်ပင်ကော်မတီဥက္ကဋ္ဌ ဦးတင်မြင့်က ပြောသည်။

ထိုသို့ ပြန်ဖျက်၍ ပြန်ဆောက်ခြင်း အတွက် ငွေထပ်ချပေးမည်မဟုတ်ဘဲ ၎င်းလုပ်ငန်းကို တာဝန်ယူဆောက်လုပ်နေသည့် အင်ဂျင်နီယာကသာ တာဝန်ခံ ပြန်လည်ပြုပြင်ရမည်ဖြစ်ကြောင်း ဦးတင်မြင့်က ပြောသည်။

“အင်ဂျင်နီယာက တာဝန်ယူမှု တာဝန်ခံမှုနဲ့ပေါ့။ ချထားပေးပြီးသား ဘတ်ဂျက်နဲ့ပဲ လုပ်ရမှာပေါ့။ သူ့ဟာသူ ပြန်ဖြိုပြီး သူ့ဟာသူ ပြန်လုပ်ရမှာပေါ့ဗျာ”ဟု ဦးတင်မြင့်က ပြောသည်။

ထိုသို့ ပြန်ဖျက်ရခြင်းမှာ စဆောက် ကတည်းက အင်ဂျင်နီယာတွင် ဒီဇိုင်း ခိုင်ခိုင်မာမာ မရှိခြင်းကြောင့်ဟု မြို့ခံအချို့က ဝေဖန်နေကြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကော့သောင်းဥက္ကဋ္ဌ ဦးသက်နိုင်ကမူ နောက်ထပ်လုပ်ဆောင်မည့် လုပ်ငန်းများ ကို လူထုကို ကြိုတင်ရှင်းပြစေလိုကြောင်း ပြောသည်။

Dawei Watch