တစ်ကိုယ်ရေက ခွာပါ

195
editorial
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

တိုင်းပြည်တစ်ပြည်မှ တော်ပေ့တတ်ပေ့ဆိုသည့်သူများ အခြားတိုင်းပြည်များတွင် သွားရောက်လုပ်ကိုင်ကြ အခြေချကြသည့်ကိစ္စနှင့် ပတ်သက်ပြီး ကောင်း၏ ဆိုး၏၊ ဖြစ်သင့်၏ မဖြစ်သင့်၏ ပြောဆို ငြင်းခုန်ကြလေ့ ရှိသည်။

တစ်စုံတစ်ရာကို ထူးချွန်တတ်မြောက်သောသူများ တိုင်းပြည်သို့ လာရောက် အခြေချစေချင်သူများ ပြောလေ့ ရှိသည်မှာ “တိုင်းပြည်ကောင်းမှ ပြန်လာမယ် ပြောမနေနဲ့ ။ တိုင်းပြည်ကောင်းအောင် ပြန်လာလုပ်”။

ကိုယ်တတ်သည့် ပညာဖြင့် သင့်တော်သည့် အရပ်ဒေသသို့ အခြေချသည်ကို ထောက်ခံကြသည့်သူများက “ဒီတိုင်းပြည်မှာ ပညာတတ်သူတွေအတွက်လုပ်သာ ကိုင်သာရှိတဲ့ ရေခံမြေခံမှ မရှိတာ”ဟူ၏။

တစ်ဦးချင်းအရကြည့်လျှင် ရေကြည်ရာ မြက်နုရာ သွားရောက် အခြေချခြင်းက မှန်သည်ဟု ဆိုနိုင်သော်လည်း တိုင်းပြည်အတွက် ကြည့်သည့်အခါ တစ်စုံတစ်ရာ ထူးချွန်တတ်ကျွမ်းသူများ ပြည်တော် ပြန်မလာခြင်း (သို့မဟုတ်) ပြည်တော်က ခွာသွားခြင်းသည် တိုင်းပြည်အတွက် အင်မတန် နစ်နာပေသည်။

တစ်ဆင့်လျှော့စဉ်းစားလျှင် တော်ပေ့တတ်ပေ့ဆိုသည့်သူများ မိမိဒေသမှ ခွာပြီး ရေကြည်ရာမြက်နုရာ သွားခြင်းသည် သက်ဆိုင်ရာ ဒေသအတွက် အင်မတန် နစ်နာပါသည်။

ကျေးလက်နှင့် မြို့ပြသည်လည်း ထိုနည်းလည်းကောင်းပင်။

မြို့ရွာတစ်ခု၊ ဒေသတစ်ခု၊ တိုင်းပြည်တစ်ခုတွင် အရွေ့တစ်ခုကို ဖြစ်စေနိုင် သည့် အင်အားစုများ အလုံအလောက် ရှိနေသင့်ပေသည်။ သို့မဟုတ်လျှင် ထိုရပ်ရွာ၊ ဒေသ ဖွံ့ဖြိုးတိုးတက်ရန် ခက်လှသည်။

“ငါတို့ ဒေသသားတွေ ကမ္ဘာကျော်တွေချည်းပဲ”ဟု ပြောပြီး ဂုဏ်ယူနေရုံဖြင့် မပြီးပေ။

ကမ္ဘာကျော်သည့် ကိုယ့်ဒေသသားများကို မိမိဒေသတွင် ပြန်စုစည်းထားနိုင်ရန် လိုပေသည်။

ပြန်လာအောင် မလုပ်နိုင်သေးလျှင်တောင် ထိုသူများ၏ အားကို ရယူထားရမည် ဖြစ်သည်။

ယင်းအတွက် တိုင်းပြည်၊ မြို့ရွာဒေသကို ဦးစီးဦးရွက် ပြုနေသူများက ကိုယ့်နေရာ တည်မြဲရေးတစ်ခုတည်းတွေးခြင်းမျိုးမဟုတ်ဘဲ အမျှော်အမြင်ကြီးရန်နှင့် အရှည်တွေးရန် အင်မတန် အရေးကြီးပါသည်။ လူတော်လူကောင်းရှာသည့် အစီအစဉ်များကို အပူတပြင်း စစေချင်ပါသည်။

အယ်ဒီတာ (၁၅ ဖေဖော်ဝါရီ ၂၀၂၀)