သွေးလွန်တုပ်ကွေးဖြစ်သူ ထားဝယ်တွင် ထိုးကျ၊ ပုလောတွင် မြင့်တက်

0
464

သွေးလွန်တုပ်ကွေးဖြစ်ပွားမှုနှုန်းက ထားဝယ်မြို့နယ်တွင် ထိုးကျသွားပြီး ပုလောမြို့နယ်တွင် မြင့်တက်လာကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပိုးမွှားများမှ တစ်ဆင့် ကူးစက်တတ်သော ရောဂါများ ကာကွယ် နှိမ်နှင်းရေးအဖွဲ့ (ရ.ပ.က.န)ထံမှ သိရသည်။

အဆိုပါမြို့နယ်နှစ်ခုတွင် ၂၀၁၈ ခုနှစ် နှင့် ၂၀၁၉ ခုနှစ်အတွင်း သွေးလွန် တုပ်ကွေးဖြစ်ပွားသူ အရေအတွက်အရ သိရခြင်းဖြစ်သည်။

ထားဝယ်မြို့နယ်တွင် ၂၀၁၈ ခုနှစ် ၌ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁၄၂ ဦး ရှိခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ၄၅ ဦးအထိ ကျဆင်းသွားခဲ့ သည်။

ပုလောမြို့နယ်တွင်မူ ၂၀၁၈ ခုနှစ် တွင် ၁၄၉ ဦးဖြစ်ပွားခဲ့ပြီး ၂၀၁၉ ခုနှစ် တွင် ၂၂၂ ဦးအထိ ဖြစ်ပွားခဲ့ကြောင်း အထက်ပါအဖွဲ့ စာရင်းများအရ သိရသည်။

ထားဝယ်တွင်၂၀၁၉ခုနှစ်နှစ်ဆန်းပိုင်းကဖြစ်ပွားခဲ့သည့်ဆင်တုပ်ကွေးနှိမ်နင်းရေးအတွက် ဖုံးသွန်လဲစစ်လုပ်ရာမှ မိုးရာသီတွင်ဖြစ်ပွားမှုများသည့်သွေးလွန်တုပ်ကွေးဖြစ်ပွားမှုပါ ကျဆင်းသွားခြင်း ဖြစ်ကြောင်း တိုင်းဒေသကြီး ရ.ပ.က.န အဖွဲ့ခေါင်းဆောင် ဒေါက်တာနန္ဒဝင်းက ဆိုသည်။

ဆင်တုပ်ကွေးရောဂါပိုးသယ်ဆောင် သည့်ခြင်နှင့်သွေးလွန်တုပ်ကွေးပိုးသယ် ဆောင်သည့်ခြင်းအမျိုးအစားတူညီ နေခြင်းကြောင့်ဖြစ်ကြောင်း၎င်းက ပြောသည်။

“စောစောစီးစီး တုံ့ပြန်နိုင်တာက အကျိူးရှိတယ်လို့ ပြောချင်တာပေါ့ဗျာ။ နောက်မှ များလာပြီဆိုမှ လိုက်လုပ်တာ ထက်စာရင် စောစောစီးစီး ကြိုဖိလိုက်တော့ ထားဝယ်က တော်တော်ကျသွား တယ်”ဟု ဒေါက်တာနန္ဒဝင်းက ဆိုသည်။

ပုလောမြို့နယ်တွင် ဖြစ်ပွားမှု များလာရခြင်းမှာ လူဦးရေထူထပ်ခြင်း၊ ပလနှင့် ပလောက်ကဲ့သို့ မြို့များ ပါဝင် နေခြင်းကြောင့် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယင်းကြောင့် ယခုနှစ်မိုးရာသီတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှု လျော့ကျစေ ရန်အတွက် ရပ်ကွက်အလိုက် အနုစိတ် စီမံချက် ရေးဆွဲကာ ခြင်နှိမ်နင်းရေးလုပ်ငန်းများ လုပ်ဆောင်မည် ဖြစ်ကြောင်း ဒေါက်တာ နန္ဒဝင်းက ဆိုသည်။

တနင်္သာရီတိုင်းအတွင်း ၂၀၁၈ ခုနှစ်တွင် သွေးလွန်တုပ်ကွေးကြောင့်သေဆုံး သူ ၉ ဦးရှိခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ၃ ဦး ရှိကြောင်း အထက်ပါဌာန စာရင်းအရ သိရသည်။

Dawei Watch