ကော့သောင်းရေလုပ်သားတို့ ဆန္ဒပြမည်

0
425

ကော့သောင်းရေပြင် ငါးဖမ်းလုပ်ကွက် များ နှစ်အကန့်အသတ်မဲ့ ပိတ်လိုက်ခြင်းကို ပြန်ဖွင့်ပေးစေရေး ကော့သောင်းအခြေ စိုက် ရေလုပ်သားများ စုဝေးဆန္ဒပြတော့မည် ဖြစ်သည်။

ကော့သောင်းခရိုင် ငါးဦးစီးရုံးရှေ့၌ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ရေလုပ် သားများ စုဝေးဆန္ဒပြရန် ခွင့်ပြုချက်စာ တင်ထားပြီးဖြစ်ကြောင်း ကော့သောင်း ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမင်း လွင်က ပြောသည်။

ငါးဦးစီးရုံးရှေ့တွင် စုဝေးကာ “ကန့် သတ်ပိတ်ပင်ထားတဲ့ ငါးဖမ်းလုပ်ကွက်တွေ ပြန်ဖွင့်ပေးပါ”၊ “မတရားတဲ့ အမိန့် အာဏာဟူသမျှ တာဝန်အရ ဆန့်ကျင်ကြ” စသည့် ဆိုင်းဘုတ်များကိုင်ဆောင် ကြွေးကြော်ကြမည်ဟု ဦးမင်းလွင်က ပြောသည်။

“ရေလုပ်သားတွေ ဒုက္ခရောက် နေတာကို နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် သိအောင်လည်း ရည်ရွယ်ပါတယ်။ တစ်ခါတလေကျရင် တချို့ အမိန့် ညွှန်ကြားတွေက နိုင်ငံတော် အတိုင်ပင်ခံ မသိဘဲနဲ့ အောက်ခြေမှာ ထုတ်တာရှိတယ်”ဟု ဦးမင်းလွင်က ပြောသည်။

ကော့သောင်းရေပြင်ကို မြောက် လတ္တီတွဒ် ၁၀ ဒီဂရီနှင့် ၁၁ ဒီဂရီအကြား၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒသမ ၃၀ မှ ၉၈ ဒသမ ၃၀ ဒီဂရီကြား ငါးဖမ်းခွင့် ပိတ်လိုက်ကြောင်း ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ကော့သောင်းပုလုံးတုံတုံးကမ်းခြေအနီး အပြင်ဘက် မိုင် ၆၀ ခန့်၊ ၎င်းမှ မြောက်ဘက် ကော့ရဲကြီးကျွန်း၏ အပြင် ဘက် မိုင် ၆၀ ခန့်အတွင်း ကမ်းဝေးလှေ များကို ငါးဖမ်းခွင့် ပိတ်လိုက်ခြင်း ဖြစ်သည်

ပိတ်လိုက်သည့် ဧရိယာမှာ အတွင်း ဇာဒက်ကြီး၊ သူရဲကောင်းကျွန်းအုပ်စု၊ ရွှေကျွန်း၊ ဂျလမ်းကျွန်း၊ ကျွန်းဖီလာ၊ ငမန်းကျွန်း၊ ငမုတ်ကျွန်း၊ လန်ပိကျွန်း၊ ကျွန်းမဲကြီး စသည့် ကမ်းဝေးလှေတို့ ငါးဖမ်းနေသည့် ကျွန်းအနီးရေပြင်များ ပါဝင်သည်။

ယင်းရေပြင်သည် ကော့သောင်းနှင့် မြိတ်ခရိုင်မှ ကမ်းဝေးငါးဖမ်းလှေတို့ ငါးဖမ်းနေသည့် ငါးဖမ်းလုပ်ကွက်များ ဖြစ်သည်။

ယခုပိတ်ခြင်းမှာ ကမ်းနီးလှေနှင့် ကမ်းနီးငါးဖမ်းလုပ်ကွက်များ ဖြစ်သော ကမ်းမှ ပင်လယ်သို့ ဆယ်မိုင်ဧရိယာ မပါပေ။

ယခုနှစ်တွင် ကမ်းနီးငါးဖမ်းလှေကို အလျားပေ ၄၀ အောက်၊ လှေမောင်း စက်၏ မြင်းကောင်ရေ ၅၀ အောက် သတ်မှတ်ထားပြီး ပင်လယ်သို့ နေ့ချင်း ပြန်ခရီး ငါးဖမ်းရမည်ဖြစ်ကြောင်း ကော့ သောင်းခရိုင်ငါးလုပ်ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးသန့်ဇင်က ပြောသည်။

ကော့သောင်းရှိ တစ်နိုင်တပိုင် ငါးဖမ်းလှေအများစုမှာ ယင်းလှေ/စက် အရွယ်အစားထက်ကြီးမားနေပြီး ဖွင့်ပေး ထားသည့် ဆယ်မိုင်အတွင်းတွင်လည်း ငါးဖမ်းလေ့မရှိကြောင်း ကော့သောင်းမှ ရေလုပ်သားတို့က ပြောကြသည်။

ငါးလုပ်ငန်းဌာနစာရင်းအရ ကော့ သောင်းတွင် ယင်းသို့ ကမ်းနီးမဟုတ် သည့် အရွယ်လွန် ငါးဖမ်းလှေ ၈၀၀ ကျော် ရှိကြောင်း ဦးသန့်ဇင်က ပြောသည်။

လက်ရှိတွင် ထိုလှေများအပါအဝင် ကမ်းဝေးငါးဖမ်းလှေများအနေဖြင့် ယခုပိတ်လိုက်သည့် ငါးဖမ်းလုပ်ကွက်များကို ပြန်မဖွင့်ပေးပါက ကော့သောင်း ရေလုပ်ငန်း ရှေ့ဆက်ရန် မလွယ်ကူတော့ ဟု ကော့သောင်းခရိုင် ငါးလုပ်ငန်းအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဦးမင်းလွင်က ပြောသည်။

“ဘာမှလုပ်စားလို့ မရတော့ဘူး၊ လှေတွေ အကုန်လုံး ပြန်ဝင်နေကြပြီ အခု”ဟု ဦးမင်းလွင်က ပြောသည်။

လက်ရှိတွင်လည်း ကော့သောင်း အနီးရှိ တပ်မတော် (ရေ) သင်္ဘောက ကမ်းဝင်လာသည့်လှေတို့ကို ယင်း ဧရိယာအတွင်း ငါးဖမ်းခွင့်မရှိကြောင်း သတိပေးပြောဆိုနေသဖြင့် လှေပြန် မထွက်ရဲဘဲ ရပ်နားထားရကြောင်း ကော့သောင်းမှ ပလာတူးပိုက်လှေပိုင်ရှင် တစ်ဦးက ပြောသည်။

“ဆန္ဒပြရင်တော့ ပူးပေါင်းပြီး သွားပြရမှာပဲ၊ ကိုယ့်အတွက် ကိုယ်တောင်းဆိုရမယ်လေ”ဟု ၎င်းက ပြောသည်။

Dawei Watch