စုံစင်ဖျား-ထီးခီးလမ်းစီမံကိန်း အကန့်အသတ်မရှိ ရွှေ့ဆိုင်း

0
333

သရက်ချောင်းမြို့နယ်၊ စုံစင်ဖျား ကျေးရွာနှင့် ထီးခီးနယ်စပ်ကို ဆက်သွယ်မည့် လမ်းကို လတ်တလောအခြေအနေတွင် ဖောက်လုပ်ရန် အစီအစဉ်မရှိသေးကြောင်း တနင်္သာရီတိုင်းဒေသကြီး လမ်း ဦးစီးဌာနထံမှ သိရသည်။

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော် လက်ထက်က အဆိုပါလမ်း ဖောက်ရန်အတွက် ကွင်းဆင်းတိုင်းတာခဲ့သည်။

လက်ရှိအချိန်တွင် အဆိုပါလမ်းက ကုန်ကျစရိတ်များနိုင်သည့်အပြင် ထားဝယ်အထူးစီးပွားရေးဇုန် – ထီးခီးလမ်းကို မကြာမီအဆင့်မြှင့်တော့မည်ဖြစ်သည့်အတွက် ယင်းစီမံကိန်းကို ရပ်နားထားကြောင်း လမ်းဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးသက်ဇော်ဝင်းက ဆိုသည်။

“လတ်တလောမှာတော့ ဖောက်ဖို့ အစီအစဉ် မရှိသေးပါဘူးခင်ဗျား”ဟု ဦးသက်ဇော်ဝင်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က လာရောက်ခဲ့သည့် ဒုသမ္မတခရီးစဉ်တွင် ထီးခီး- ထားဝယ်ရေနက်ဆိပ်ကမ်းလမ်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချိန်၌ ဒုသမ္မတက မေးမြန်းသည့်အတွက် ဒေါက်တာလဲ့လဲ့မော်က မေတ္တာတံတား ထိပ်တွင် ရှင်းလင်းစဉ် စုံစင်ဖျားလမ်းကို အဆိုပြုတင်ပြခဲ့သည်။

ကွင်းဆင်းတိုင်းတာခဲ့သည့် စုံစင်ဖျား- ထီးခီးလမ်းမှာ အဂတိလိုက်စားမှုဖြင့် တရားရင်ဆိုင်နေရသည့် GGS ကုမ္ပဏီက အကောင်အထည်ဖော်ရန် ကြိုးစားခဲ့သည့် သရက်ချောင်း ငါးလေလံဈေးနှင့် မိုင်အနည်းငယ်သာ ကွာဝေးသည်။

Dawei Watch