ရေကန်ဘောင်တွင်းသို့ ငါးများပြန်ပြောင်းရန် အခက်အခဲဖြစ်နေဟုဆို

0
639
ဓာတ်ပုံ - ကိုဆန်း

မြိတ်မြို့မြစ်ငယ်ရပ်ကွက်ရှိရေ ကန်ဘောင် (မင်္ဂလာကန်တော်)တွင် အောင်ဆီဂျင်ပါဝင်နှုန်းနည်းနေသဖြင့်ငါးများပြန်လည်ပြောင်းရွှေ့ရန်အခက်အခဲဖြစ်နေရကြောင်း မြိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောကြားသည်။

မြိတ်ကမ်းနားလမ်းရှိ ပုလဲရတနာ ခန်းမတွင် ဇန်နဝါရီလ၂၁ရက်က ပြုလုပ် သည့်၂၀၂၀-၂၀၂၁ခုနှစ်ဘဏ္ဍာနှစ် အတွက် ဘတ်ဂျတ်လုပ်ငန်းများ လျာထားရေးဆွဲရန် ညှိနှိုင်းအစည်းအဝေးပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရေပုန်းရပ်ကွက်နေသူတစ်ဦးက ရေပုန်းရပ်ရေကန်တွင် ငါးများသေဆုံး နေသည့်အတွက် ရေကန်ဘောင်သို့ပြန် လည်ပြောင်း‌ရွှေ့ပေးရန်အစည်းအဝေးတွင် တင်ပြသည့်ကိစ္စနှင့် ပတ်သက်၍ စည်ပင်ကော်မတီဥက္ကဋ္ဌက ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ကန်ကြီးရေကန်ဘောင်မှာရှိတဲ့ ရေချိုရဲ့အောင်ဆီဂျင်ပါဝင်မှုနှုန်းက အင်မတန်မှ နည်းနေသေးပါတယ်”ဟု ဦးမြတ်ကိုကိုက ပြောသည်။

ရေကန်ဘောင်အားပြန်လည်ပြုပြင် ပြီးအဆင့်မြှင့်တင်ရေးလုပ်ငန်းများအား ပြီးခဲ့သည့် ၂ နှစ်ဝန်းကျင်ခန့်ကစတင်လုပ်ကိုင်စဉ်က ကန်အတွင်းရှိငါးများအား ရေပုန်းရပ်ကွက်ရှိ ရေကန်သို့ယာယီ ပြောင်းရွှေ့ထားသည်။

လက်ရှိတွင်ရပ်ကွက်နေသူတစ်ချို့က ရေကန်ဘောင်တွင်းသို့ ငါးများအား ဘေးမဲ့လွှတ်ပေးရာ အချိန်တိုအတွင်းသေ ဆုံးမှုများရှိနေသဖြင့်အကြောင်းရင်းအား ရှာဖွေရာ အောက်ဆီဂျင်ပါဝင်မှုနှုန်းနည်းနေပြီး အက်စစ်ဓာတ်ပါဝင်မှုနှုန်း များပြားနေသည်ကို တွေ့ရှိရသည်။

ရေကန်ဘောင်ရှိရေများအားဆက် လက်တိုင်းတာနေမည်ဖြစ်ပြီး ငါးများအား ရေကန်ဘောင်တွင်းသို့ အမြန်ဆုံး ပြန်လည်ပြောင်းရွှေ့နိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ဦးမြတ်ကိုကိုက ပြောသည်။

မြင့်မိုရ်(မြိတ်)