ထားဝယ် ပန်းချီ၊ ပန်းပု ပြခန်း ဆောက်လုပ်မှု တစ်ဝက်ပြီးစီး

0
588

ထားဝယ်မြို့ ကမ်းနားလမ်း ယဉ်ကျေးမှု ပြတိုက်၏ အနောက်ဘက်တွင် ဆောက်လုပ်နေသည့် ပန်းချီ၊ ပန်းပု ပြခန်းမှာ တစ်ဝက်ခန့် ပြီးစီးနေပြီဖြစ် ကြောင်း ထားဝယ်ခရိုင် ပန်းချီ၊ ပန်းပု အစည်းအရုံး နာယက ဦးထွန်းကြည်က ပြောသည်။

ပေရှစ်ဆယ်၊ ခြောက်ဆယ်မြေကွက် ပေါ်တွင် ဆောက်လုပ်နေသည့် ယင်းပြခန်း သည် လက်ရှိတွင် ခေါင်မိုးနှင့် ဝင်းခြံ ကာရံသည့် လုပ်ငန်း ပြီးစီးနေပြီဖြစ်ကြောင်း ဦးထွန်းကြည်က ပြောသည်။

ယင်းပြခန်းကို တနင်္သာရီတိုင်းကို လာရောက်လည်ပတ်သည့်သူများ လေ့လာ နိုင်ရန်အတွက် ပန်းချီ၊ ပန်းပုများကို ပြသနိုင်ရန်နှင့် ပန်းချီ၊ ပန်းပုပညာ သင်တန်းများ သင်ကြားနိုင်ရန်အတွက် ရည်ရွယ်ဆောက်လုပ်နေခြင်းဖြစ်ကြောင်း ဦးထွန်းကြည်က ပြောသည်။

“ပန်းချီ၊ ပန်းပုတွေကို ပြလည်းပြ မယ်၊ ရောင်းလည်းရောင်းမယ်၊ ပညာလည်း ပေးမယ်ပေါ့။ အဲလိုမျိုး အစီအမံနဲ့ ဒီအဆောက်အအုံကို ဆောက်ခြင်းဖြစ် ပါတယ်” ဟု ၎င်းက ဆိုသည်။

ထားဝယ်သား ပန်းချီပညာရှင် ဦးငွေကိုင်နှင့် ပန်းပုပညာရှင် ဦးဟန်တင် တို့ကို ဂုဏ်ပြုသည့်အနေဖြင့် ၎င်းတို့ နှစ်ဦး၏ ပုံတူပန်းပု ရုပ်တုနှစ်ခုကိုလည်း ယင်းပြခန်းအရှေ့တွင် ထားရှိသွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယင်းပန်းချီ၊ ပန်းပု ပြခန်းကို ယခင် အစိုးရ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြတ်ကို မတည်လှူဒါန်းသည့် အလှူ ငွေကျပ် ဆယ်သိန်း၊ ထားဝယ်ခရိုင် ပန်းချီ၊ ပန်းပုအစည်းအရုံးဝင် များ၏ အလှူငွေများဖြင့် ဆောက်လုပ်နေခြင်း ဖြစ်ကြောင်း ဦးထွန်းကြည်က ပြောသည်။

ကျော်သူစိုး