တနင်္သာရီတိုင်းအတွင်း မီးလောင်မှုမြင့်တက်

0
439

တနင်္သာရီတိုင်းအတွင်း ၂၀၁၉ ခုနှစ် တွင် ဖြစ်ပွားခဲ့သည့် မီးလောင်မှုစုစုပေါင်း ၇၉ မှု ဖြစ်ပွားခဲ့ပြီး ၂၀၁၈ ခုနှစ်ထက် ပိုများလာခဲ့ကြောင်း တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သိရသည်။

၂၀၁၈ ခုနှစ်တွင် ၄၈ ကြိမ်ရှိခဲ့သည်။

“ဘာကြောင့် အဖြစ်များလဲဆိုရင် လျှပ်စစ်ကြောင့် ဖြစ်တာများတယ်။ လျှပ်စစ်နဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေလုပ် ကိုင်လာတာ အဓိက စီးပွားရေးတိုးတက် လာတယ်ဆိုတဲ့ သဘောပေါ့။ လူနေ အိမ်ခြေထူထပ်လာတာလည်းပါတယ်”ဟု အထက်ပါဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းမျိုးဝင်းက ဆိုသည်။

လျှပ်စစ်မီးအသုံးပြုရာတွင် ဗဟုသုတ ရှိရန်လိုအပ်ပြီး ဟောင်းနွမ်းဆွေးမြေ့ နေသည့် လျှပ်စစ်ကြိုးများကို အသုံးပြုခြင်း၊ အောက်ခံပြားမပါဘဲ ခြင်ဆေးခွေထွန်းခြင်း၊ ဥယျာဉ်ခြံမြေနှင့် လယ်ယာ များကို မီးရှို့ရာတွင် မီးတားသည့်နေရာများမလုံလောက်ခြင်း၊ လူနေအိမ်ထူထပ် လာခြင်း၊ စက်ရုံအလုပ်ရုံများတိုးတက်လာခြင်း၊ မီးစလောင်ချိန်တွင် အချိန်မီ သတင်းမပို့ခြင်းတို့ကြောင့် မီးလောင်မှု အကြိမ်ရေများ မြင့်တက်လာခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

မီးလောင်မှုအကြိမ်ရေများလာသော်လည်း မီးသတ်တပ်ဖွဲ့ဝင်အင်အား၊ မီးသတ်တပ်ဖွဲ့များ၏ မီးငြိမ်းသတ်သည့် နည်းပညာများပို့ချခြင်း၊ မီးသတ်ယာဉ် အင်အား၊ မီးသတ်စခန်းအင်အား၊ မီးသတ်တပ်ဖွဲ့ဝင်များ၏ စွမ်းဆောင် ရည်များ တိုးတက်လာခြင်းကြောင့် ယခင်နှစ်များထက် ဆုံးရှုံးမှုတန်ဖိုးမှာ လျော့နည်းလာသည်ဟု ဦးသန်းမျိုးဝင်းက ပြောသည်။

၂၀၁၉ ခုနှစ်တွင် ထားဝယ်ခရိုင်တွင် မီးလောင်မှုအကြိမ်ရေ ၂၁ ကြိမ်၊ မြိတ် ခရိုင်တွင် ၅၀ ကြိမ်၊ ကော့သောင်းခရိုင် တွင် ၈ ကြိမ်မီးလောင်ကျွမ်းခဲ့ပြီး မြိတ် ခရိုင်တွင် အထပ်မြင့်အဆောက် အအုံနှင့် လူနေအိမ်ခြေများသည့်အပြင် စက်ရုံ အလုပ်ရုံများခြင်းကြောင့် မီးလောင်မှု ပိုများသည်ဟု အထက်ပါဌာနထံမှ သိရသည်။

၂၀၁၇ ခုနှစ်တွင် တနင်္သာရီတိုင်းအတွင်း မီးလောင်မှု ၇၃ ကြိမ်ရှိခဲ့ကြောင်း အထက်ပါဌာနထံမှ သိရသည်။

Dawei Watch