မွန်ပြည်သစ်ပါတီ တပ်တည်နေရာ အနီးမှ တပ်မတော် ပြန်ဆုတ်

0
1047

မွန်ပြည်သစ်ပါတီ၏ ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့နယ် ဂျပန် ရေတွင်းကျေးရွာရှိ မွန်ပြည်သစ်ပါတီ အခြေစိုက်တပ်စခန်းအနီး ဝင်ရောက် နေရာယူထားသည့် တပ်မတော်မှ ပြန် လည်ဆုတ်ခွာသွားပြီဟု မွန်ပြည်သစ် ပါတီထံမှ သိရသည်။

မွန်ပြည်သစ်ပါတီနှင့် တပ်မတော်၊ BGF ပူးပေါင်းအဖွဲ့တို့သည် ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၇ ရက်နေ့ နံနက်ပိုင်းခန့်က ဂျပန်ရေတွင်း ကျေးရွာရှိ မွန်ပြည်သစ် ပါတီအခြေစိုက်တပ်စခန်းတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ကြပြီး အဆိုပါ မွန်ပြည်သစ် ပါတီတပ်စခန်းနေရာကို တပ်မတော်၊ BGF ပူးပေါင်းအဖွဲ့တို့က ဝင်ရောက် နေရာယူထားခဲ့သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မွန် ပြည်သစ်ပါတီနှင့် တပ်မတော်ခေါင်း ဆောင်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နောက် မွန်ပြည်သစ်ပါတီ ဂျပန်ရေတွင်း စခန်းမှ တပ်မတော် ဆုတ်ခွာသွားခဲ့သော် လည်း အဆိုပါဂိတ်နှင့် ကိုက် ၃၀၀ အကွာခန့်ရှိ ဟင်္သာဂိတ်ဆိုသည့် နေရာ တွင် တပ်မတော်က ဆက်လက်နေရာယူ ထားခဲ့ရာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်မှသာ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။

“ကျွန်တော်တို့ ဒီဂျပန်ရေတွင်း တပ်စခန်းဆိုတာက ကျွန်တော်တို့ ၂၀၁၂ ခုနှစ် ပြည်နယ်အဆင့် ပြည်ထောင်စု အဆင့် အပစ်ခတ်ရပ်စဲရေးသဘော တူညီချက်ထဲမှာလည်း ပါတယ်။ ၂၀၁၈ မှာ ကျွန်တော်တို့ ပါဝင်ချုပ်ဆိုခဲ့တဲ့ NCA (တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်) စာချုပ်ထဲမှာလည်းပဲ ထပ်ပြီးတော့ အတည်ပြုထားတယ်။ ကျွန်တော်တို့ တပ်တည်နေရာ အခြေပြုဖို့” ဟု မွန်ပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး နိုင်ဝင်းလှက ပြောသည်။

ထိုမွန်ပြည်သစ်ပါတီ တပ်တည် နေရာစခန်းသို့ ထိုင်း-မြန်မာနယ်စပ် နယ်နိမိတ်ကို စစ်ဆေးရန်ဟုဆိုကာ တပ်မတော်နှင့် BGF စစ်ကြောင်းတို့က ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခဲ့သည့်အတွက် တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။

မွန်ပြည်သစ်ပါတီနှင့် တပ်မတော်၊ BGF ပူးပေါင်းအဖွဲ့တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့်နှင့် မွန်ပြည်သစ်ပါတီ တပ်စခန်း တည်နေရာ ကျေးရွာအတွင်း တပ်မတော်နှင့် BGF တပ်သားတို့ ဝင်ရောက်တပ်စွဲထားသည့်အတွက် ဂျပန်ရေတွင်း ကျေးရွာအပါအဝင် အနီးပတ်ဝန်း ကျင်ရှိ ကြံတောရွာ၊ တပ်ရင်း (၃) ရွာတို့ မှ ဒေသခံ ၈၀၀ ကျော် ထိုင်းနိုင်ငံ ဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

“တပ်က ရွာကနေ ထွက်သွားပေ မယ့် အနီးအနားမှာပဲ ရှိနေသေးတော့ အချိန်မရွေး ပစ်ခတ်မှု ထပ်ဖြစ်နိုင်တယ်။ ဒါကို စိုးရိမ်ကြတော့ ပြန်တဲ့လူက ပြန်ကြတယ်။ မပြန်ရဲတဲ့လူကလည်း ရှိတယ်။ အခု တပ်က အဝေးကို ဆုတ်သွားပြီးဆိုတော့ အားလုံး ပြန်လာကြမှာ” ဟု ဂျပန် ရေတွင်းဒေသခံတစ်ဦးက ပြောသည်။

မွန်ပြည်သစ်ပါတီသည် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလက တစ်နိုင်ငံလုံးအပစ်ခတ် ရပ်စဲရေးသဘောတူစာချုပ် CNAလက်မှတ်ရေးထိုးထားသည့်အဖွဲ့ဖြစ်ပြီး ယခင်က တပ်မတော်နှင့် တင်းမာမှုအနေ အထားရှိခဲ့သော်လည်း တိုက်ပွဲဖြစ်ပွားကြသည်အထိ မရှိခဲ့ပေ။

ယဉ်စနိုင်း