ဒေါန တနင်္သာရီဒေသတွင် မျိုးတုန်းလုနီး ကြောင်ကြီးမျိုးစိတ် ခြောက်မျိုးတွေ့

0
878
ဓာတ်ပုံ - WWF Myanmar FB

ထိုင်း၊ မြန်မာနယ်စပ်မျဉ်းပေါ်ရှိ ဒေါန-တနင်္သာရီဒေသတွင် ကမ္ဘာပေါ် တွင် မျိုးတုန်းမည့် အန္တရာယ်ဖြင့်ရင်ဆိုင် နေရသော ကြောင်ကြီးမျိုးစိတ် ခြောက်မျိုးကို တွေ့ရှိခဲ့ကြောင်း ကမ္ဘာလုံးဆိုင်ရာ သဘာ၀ပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ (WWF-Myanmar) က ထုတ်ပြန် လိုက်သည်။

ကမ္ဘာပေါ်တွင် မျိုးတုန်းမည့် အန္တရာယ်ဖြင့် ရင်ဆိုင်နေရသည့် ကြောင် ကြီးမျိုးစိတ်ရှစ်မျိုးရှိသည့်အနက် ဒေါန-တနင်္သာရီဒေသတွင် ခြောက်မျိုးကို တွေ့ရှိ ရခြင်းဖြစ်ကြောင်း အထက်ပါ အဖွဲ့က ဇန်နဝါရီလ ၁၄ ရက်က ထုတ်ပြန်သည့် The Land of Cats အစီရင်ခံစာတွင် ဖော်ပြထားခြင်းဖြစ်သည်။

ကျား၊ အင်းကျား (Coulded leopard)၊ ကျားသစ်(Leopard)၊ ကြောင်ဖြူ(Marbeld Cat)၊ သစ်ကြောင် (Leopard)၊ အာရှရွှေရောင်ကြောင် (Asiatic golden cat)တို့ကို ဒေါန-တနင်္သာရီဒေသတွင် မှတ်တမ်းတင်နိုင် ခဲ့ကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြ ထားသည်။

“ကမ္ဘာပေါ်မှာ ကြောင်ကြီးမျိုးနွယ် ရှစ်မျိုးရှိတယ်။ ရှစ်မျိုးထဲမှာမှ ဒေါန တနင်္သာရီတစ်ခုတည်းမှာကိုပဲ ခြောက် မျိုးစလုံးရှိနေတာပေါ့နော်။ တခြားဘယ် နေရာမှမရှိဘူး။ အဲလို ခြောက်မျိုးစလုံး ရှိနေတာက” ဟု WWF – Myanmar အဖွဲ့မှ Conservation Communications Specialist ဦးရဲမင်းသွင်က ပြောသည်။

ယင်းကြောင်ကြီးမျိုးစိတ်များကို ၂၀၁၈၊ ၂၀၁၉ ခုနှစ်တို့တွင် ကင်မရာထောက်ချောက်များဖြင့် မှတ်တမ်းတင် ထားခဲ့ခြင်း ဖြစ်သည်။

ယင်းအပြင် ကမ္ဘာပေါ်တွင် မျိုးသုဉ်း မည့်အန္တရာယ်ဖြင့် ရင်ဆိုင်နေရသည့် ကြောင်မျိုးစိတ် ၃၆ မျိုးအနက် ငါးပုံ တစ်ပုံသည်လည်း သစ်တောဖုံးလွှမ်းမှု ၈၂ ရာနှုန်းအထိရှိနေသေးသည့် ဒေါန တနင်္သာရီဒေသတွင် ကျက်စားနေကြ ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဒေါန တနင်္သာရီဒေသသည် ကမ္ဘာတစ်ဝန်း ဇီ၀မျိုးစုံ၊ မျိုးကွဲ ထိန်းသိမ်းရေး အထူးဦးစားပေးနယ်မြေ ကိုးခုအနက် တစ်ခုအဖြစ် WWF – Myanmar က သတ်မှတ်ထားသည်။

ယင်းဒေသရှိ ဇီ၀မျိုးစုံမျိုးကွဲများကို ထိန်းသိမ်းရေးလိုအပ်သည့် အကြံပြုချက် ရှစ်ချက်ကိုလည်း ယင်းအစီရင်ခံစာတွင် ထည့်သွင်းတိုက်တွန်းထားသည်။

၎င်းအကြံပြုချက်များတွင် မြန်မာ၊ ထိုင်း နယ်စပ်ရှိ အနောက်ဘက်သစ်တော နယ်မြေများနှင့် ကန်ခရာချန် သစ်တောနယ်မြေတို့ရှိ တောရိုင်းတိရစ္ဆာန်ထိန်း သိမ်းရေးနှင့် ဥပဒေစိုးမိုးရေးလုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်ရန်၊ ကြောင်နှင့် ကြောင်ကြီးမျိုးနွယ်စုများ ရှင်သန်ပေါက် ဖွားရန် လိုအပ်သည့် အစားခံမျိုးစိတ်များ ပေါများမှုနှင့် ကျက်စားရာဒေသ ကောင်းမွန်မှုတို့ကို ဆက်လက် သုတေသန ပြုလုပ်ရန်တို့လည်း ပါဝင်သည်။

ယင်းအပြင် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး ကင်းလှည့်ဝန်ထမ်းများ တောင့်တင်းခိုင်မာရန်နှင့် ဒေသခံ ဌာနေ တိုင်းရင်းသားများ ထိန်းသိမ်းစောင့် ရှောက်သည့် ထိန်းသိမ်းရေး နယ်မြေများ တည်ထောင်ရန်၊ ဒေါန တနင်္သာရီဒေသ အထူးသဖြင့် မြန်မာနိုင်ငံ တောင်ဘက် ခြမ်းရှိ သားရိုင်းတိရစ္တာန်ကျက်စားရာဒေသများကို တရားဝင် အသိအမှတ်ပြု ကာကွယ်ရန် စသည်တို့ပါဝင်သည်။

ထိုင်းနိုင်ငံ နယ်စပ်မှ ထားဝယ် အထူးစီးပွားရေးဇုန်ကို ဆက်သွယ်မည့် ထားဝယ် ထီးခီးလမ်းစီမံကိန်းကြောင့်လည်း ဒေါန တနင်္သာရီဒေသရှိ ဆင်နှင့် ကျား တောရိုင်းတိရစ္ဆာန်များဖြတ်သန်း သွားလာသည့် လမ်းကြောင်းများကို ခြိမ်းခြောက်ခံနေရကြောင်း အစီရင်ခံစာ က ဆိုသည်။

ထားဝယ်အထူးစီးပွားရေးဇုန် စီမံ ခန့်ခွဲမှု ကော်မတီကမူ ယင်းလမ်း တစ်လျှောက်တွင် တောရိုင်းတိရစ္ဆာန်များ ဖြတ်သန်းသွားလာနိုင်ရန်အတွက် ခုံးကျော်တံတားများ ဆောက်လုပ်မည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထားဝယ် ထီးခီးလမ်းဖောက်လုပ်ရာ တွင်တောရိုင်း တိရစ္ဆာန်များ ဖြတ်သန်း သွားလာရာနေရာများကိုတွင် လမ်းဖောက်လုပ်ခြင်း လုံး၀မပြုဘဲ ရှောင်လွှဲခြင်းသည် အကောင်းဆုံးအခြေအနေဖြစ်ကြောင်း WWF – Myanmar အဖွဲ့က ထုတ်ပြန်သည့် The Land of Cats အစီရင်ခံစာ တွင် အကြံပြုထားသည်။

ကျော်သူစိုး