မြိတ်အိမ်ခြံမြေဈေး ငါးနှစ်အတွင်း သုံးဆခန့် မြင့်တက်

0
686

မြိတ်မြို့အတွင်းရှိ အိမ်ခြံမြေဈေး နှုန်းများ ငါးနှစ်အတွင်း သုံးဆခန့်မြင့် တက်လာကြောင်းဒေသတွင်း အိမ်ခြံမြေ ရောင်းဝယ်သူများနှင့် မြန်မာနိုင်ငံအိမ်ခြံ မြေဝန်ဆောင်မှု အသင်း(မြိတ်ရုံးခွဲ)မှ သိရသည်။

လွန်ခဲ့သည့် ၅ နှစ်ခန့်က မြိတ်မြို့ အစွန်အဖျား ဆင်ခြေဖုံး ရပ်ကွက်များ ၏ ၄၀_၆၀ ပေရှိ အိမ်ရာမြေတစ်ကွက် လျှင် ငွေကျပ်သိန်း ၃၀ ရှိရာမှ ယခုအခါ တစ်ကွက်လျှင် ကျပ်သိန်းတစ်ရာကျော် အထိ အရောင်းအဝယ် ဖြစ်နေကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း တနင်္သာရီတိုင်းဒေသကြီး (မြိတ်ရုံးခွဲ)ဥက္ကဋ္ဌ ဦးမျိုးအောင်က ပြောသည်။

မြိတ်မြို့အတွင်း ကျေးလက်နေ သူများ မြိတ်မြို့သို့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသည်အကြောင်းများ ကြောင့် အခြေချနေထိုင်မှု များလာသည့် အတွက် မြို့ပေါ်ရှိအိမ်ခြံ မြေဈေးများ လည်း မြင့်တက်လာကြောင်း ၎င်းက ဆိုသည်။

“ကျွန်းမြို့ဆိုတော့ မြေယာချဲ့ထွင် မှုလုပ်ငန်းမှာ အကန့်အသတ်က ရှိနေ တယ်။ ဒါကလည်း မြင့်တက်ရတဲ့ အကြောင်းရင်း တစ်ခုပဲ”ဟု ဦးမျိုးအောင်က ပြောသည်။

မြို့ပေါ်ရပ်ကွက်တချို့ရှိ အမြင့် ဆုံး အိမ်မြေဈေးနှုန်းမှာ သိန်းထောင် ဂဏန်းခန့်ရှိပြီး အစွန်အဖျားရပ်ကွက် များဖြစ်သည့် ကလွင်၊ ရေပုန်း၊ ကုန်းဖောက် စသည့်ရပ်ကွက်များတွင် အိမ်တစ်ကွက် အနိမ့်ဆုံး ကျပ်သိန်း ၅၀ ဝန်းကျင်မှ သိန်းနှစ်ရာခန့် အထိပင် ဈေးပေါက်ကာ လက်ရှိ အရောင်းအဝယ် ဖြစ်နေကြောင်း ၎င်းက ပြောပြသည်။

မြိတ်မြို့အတွင်း လက်ရှိအချိန်တွင် ကျေးလက်နေ လုပ်ငန်းရှင်များက အဝယ်များပြီး ၂၀၁၈ ခုနှစ်မှစ၍ ရန်ကုန်နှင့် အထက်ဘက်ရှိ လုပ်ငန်းရှင်တချို့က လည်း စိတ်ဝင်စားကာ မြေယာဝယ်ယူ လာကြသည်ကို တွေ့ရကြောင်း မြိတ်မြို့၊ ဈေးတန်းရပ်ကွက်ရှိ “ဝင်း”အိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူ ဦးဇော် ဝင်းသန်းက ပြောပြသည်။

မြေယာဖော်ထုတ်သည့်လုပ်ငန်းရှင် များမှ ဥယျာဉ်ခြံမြေများကို ဝယ်ယူ၍ အိမ်ကွက်ရိုက်ကာ အရစ်ကျစံနစ်ဖြင့် ရောင်းချနေကြသလို ငွေကြေးချမ်းသာသူ များမှလည်း အိမ်ကွက်များဝယ်ယူစု ဆောင်းကာ တစ်ဆင့်ပြန်လည် ရောင်းချ နေကြကြောင်း အိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်းအသိုင်းအဝိုင်းမှ သိရသည်။

“လွန်ခဲ့တဲ့ငါးနှစ်က သိန်းတစ်ရာ တန်တဲ့မြေကွက် အခုသိန်းလေးရာနဲ့ အရောင်းအဝယ် ဖြစ်သွားတယ်”ဟု ဦးဇော်ဝင်းသန်းက ပြောသည်။

မြိတ်မြို့ရှိ အိမ်ခြံမြေဈေးနှုန်းအမြင့် ဆုံးရပ်ကွက်များမှာ ထားဝယ်စု၊ ဆိပ် ငယ်၊ နောက်လယ်ရပ်ကွက်၊ ရှမ်းချောင်း မိန်းလမ်းနှင့် မြို့သစ်မိန်းလမ်းများ ဖြစ်ကြောင်း အိမ်ခြံမြေဝန်ဆောင်မှု လုပ်ကိုင် သူများထံမှ သိရသည်။

ကိုဆန်း